DVB Logo
Home
မြန်မာသတင်း
မြန်မာစစ်တပ် လက်နက်ဝယ်ယူမှုတွင် စင်ကာပူကုမ္ပဏီများ ပါဝင်ပတ်သက်နေ
DVB
·
February 7, 2022
မြန်မာစစ်တပ် လက်နက်ဝယ်ယူမှုတွင် စင်ကာပူကုမ္ပဏီများ ပါဝင်ပတ်သက်နေ
1 / 2
Donate to DVB

စင်ကာပူနိုင်ငံဟာ မြန်မာစစ်တပ်အတွက် နိုင်ငံခြားငွေစီးဆင်းမှုမှာ အခရာကျတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေတယ်လို့ Justice For Myanmar ကထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

မြန်မာစစ်တပ်ရဲ့ ရက်စက်ယုတ်မာမှုတွေမှာ အားပေးအားမြှောက်ဖို့အတွက် စင်ကာပူဟာ နာမည်ကြီး လက်နက်ပွဲစားတွေကို သူ့နိုင်ငံမှာ အသုံးချခွင့်ပေးထားကြောင်းနဲ့ စင်ကာပူအနေနဲ့ မြန်မာစစ်တပ်မှ လက်နက်ဝယ်ယူမှုတွေအတွက် အခရာကျတဲ့ သူ့ရဲ့အခန်းကဏ္ဍကနေ မဖြစ်မနေ ရပ်တန့်ပါလို့ Justice For Myanmar က ဖေဖော်ဝါရီ ၇ ရက်မှာ ထုတ်ပြန် တောင်းဆိုပါတယ်။

လျှို့ဝှက်ပေါက်ကြားလာတဲ့ စာရွက်စာတမ်းတွေနဲ့ ကုန်ပစ္စည်းတင်ပို့မှု မှတ်တမ်းတွေအရ မြန်မာစစ်တပ်အတွက် အမေရိကန်ဒေါ်လာသန်းပေါင်းများစွာ တန်ဖိုးရှိတဲ့ စစ်လက်နက်တွေနဲ့ စစ်ဘက်ပစ္စည်းတွေ ဝယ်ယူရာမှာ International Gateways Group of Companies Limited (IGG)၊ Myanmar Consultancy Company Limited နဲ့  Myanmar New Era Trading Company တို့ ပါဝင်မှု သက်သေအထောက်အထားတွေကို Justice For Myanmar က စုံစမ်းဖော်ထုတ်နိုင်ခဲ့ပါတယ်။

လျှို့ဝှက်ပေါက်ကြားတဲ့ စာရွက်စာတမ်းတခုအရ IGG ရဲ့ ကုမ္ပဏီခွဲ Gateways Hongkong Company Limited ကို (၂၀၁၅-၂၀၁၆) ဘဏ္ဍာနှစ်အတွင်းက မြန်မာ့လေတပ်အတွက် အမေရိကန်ဒေါ်လာ ၈ သန်းတန်ဖိုးရှိတဲ့ လေယာဉ်စက်ပစ္စည်းတွေ ပေးသွင်းဖို့ အနည်းဆုံး စာချုပ် ၁၂ ခုကို ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။

တခါ ကာကွယ်ရေးဝန်ကြီးဌာနမှ တခြားလျှို့ဝှက်ပေါက်ကြားစာရွက်စာတမ်းတခုမှာလည်း ၂၀၁၆ ခုနှစ်နဲ့ ၂၀၁၇ ခုနှစ်အတွင်းက အမေရိကန်ဒေါ်လာ ၃ ဒသမ ၇ သန်းကျော် တန်ဖိုးရှိတဲ့ လေယာဉ်တွေအတွက် စက်ပစ္စည်းအစိတ်အပိုင်းတွေနဲ့ စစ်သင်္ဘောတွေအတွက် စစ်လက်နက်တွေကို ကုမ္ပဏီတစ်ခုတည်းက ဝယ်ယူမှု ၅ ကြိမ်ရှိခဲ့တဲ့ အသေးစိတ် အချက်အလက်တွေ ပါရှိခဲ့တာ တွေ့ရပါတယ်။

စုံစမ်းဖော်ထုတ်မှုအရ စစ်လက်နက်ဝယ်ယူရေးအတွက် စစ်တပ်နဲ့ဆက်နွှယ်တဲ့ အဓိကကုမ္ပဏီတွေရဲ့ ဒါရိုက်တာတွေနဲ့ ရှယ်ယာရှင်နေရာတွေမှာ လူပုဂ္ဂိုလ် ၁၈ ယောက်ကို ဖော်ပြထားပြီး  ဒီအထဲက ၄ ယောက်ကတော့ မိသားစုဝင်တွေပါ။

ဖော်ပြပါရှိတဲ့ လူပုဂ္ဂိုလ်တွေအားလုံးကလည်း သူတို့တစ်ဦးချင်းစီက စင်ကာပူနိုင်ငံမှာ ကုမ္ပဏီခွဲတွေ ဖွင့်လှစ်ထားရှိပြီး မြန်မာစစ်တပ်နဲ့ နိုင်ငံတကာလက်နက်ရောင်းချသူတွေအကြား ငွေပေးချေမှု အဆင်ပြေစေဖို့  စင်ကာပူနိုင်ငံကို အမြဲတမ်း အသုံးပြုနေတဲ့ လက်နက်ပွဲစားတွေ ဖြစ်ပါတယ်။

ဒီအထဲမှာ ဒေါက်တာနိုင်ထွဋ်အောင်ကတော့ မြန်မာ့စစ်လက်နက်ကုန်သွယ်မှုမှာ အဓိကပုဂ္ဂိုလ်တဦး ဖြစ်ပြီး ပစ္စည်းပေးသွင်းသူတွေ၊ အထူးသဖြင့် တရုတ်နိုင်ငံရှိ ပစ္စည်းပေးသွင်းသူတွေနဲ့ မြန်မာ့လေတပ်၊ မြန်မာ့ရေတပ်တို့အကြားမှာ အကျိုးဆောင်ပေးနေသူ ဖြစ်တာကြောင့် သူဟာ  စစ်ရာဇဝတ်ကောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အပါအဝင် ထိပ်ပိုင်းစစ်ခေါင်းဆောင်တွေနဲ့ ဆက်နွှယ်မှုရှိသူလည်း ဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ ဇန်နဝါရီလ ၂၅ ရက်က ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်တစောင်အရ ဒေါက်တာ နိုင်ထွဋ်အောင်နဲ့ IGG ကုမ္ပဏီကို  စစ်တပ်အတွက် စစ်လက်နက်ပွဲစား လုပ်ကိုင်တဲ့ အမည်စာရင်းမှာ ထည့်သွင်းဖော်ပြထားပါတယ်။

ဒီ့အပြင် ကုန်ပစ္စည်းတင်ပို့မှု အချက်အလက်အစုအစည်းဖြစ်တဲ့  Import Genius ရဲ့ မှတ်တမ်းအရ ထင်ရှားသော တခြားကုမ္ပဏီ တခုဖြစ်တဲ့ Myanmar Consultancy Company Limited ကလည်း စစ်အာဏာသိမ်း ကြိုးပမ်းမှုနောက်ပိုင်း မြန်မာစစ်တပ်အတွက် စက်ပစ္စည်းအစိတ်အပိုင်းတွေ တင်သွင်းပေးခဲ့တာကို Justice For Myanmar က ဖော်ထုတ်ထား ပါတယ်။

“ကမ္ဘာတဝန်းက အစိုးရတွေအနေနဲ့ မြန်မာစစ်တပ်ကို စစ်လက်နက် ကူပေးနေပြီး မြန်မာပြည်သူတွေအပေါ် ဆက်လက်တိုက်ခိုက်မှုတွေမှာ ကြံရာပါပတ်သက်နေတဲ့ ကုမ္ပဏီတွေနဲ့ လူပုဂ္ဂိုလ်တွေကို ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုတွေကို အရေးတကြီးလုပ်ဆောင်ဖို့ Justice For Myanmar က တောင်းဆိုပါတယ်။ ဒါကြောင့် အကြမ်းဖက်စစ်ကောင်စီဆီ စစ်လက်နက် စီးဆင်းမှုတွေ ရပ်တန့်ဖို့ ကမ္ဘာလုံးဆိုင်ရာ စစ်လက်နက် ရောင်းချမှုပိတ်ပင်ရေးကို ချက်ချင်း လက်ငင်း လုပ်ဆောင်ရမှာဖြစ်တယ်”လို့ Justice For Myanmar မှ မရတနာမောင်က ထုတ်ပြန်ချက်မှာ ပြောပါတယ်။

အလားတူ ပြည်ပရောက် စီးပွားရေးသုတေသီတဦးကလည်း အကြမ်းဖက်စစ်ကောင်စီအတွက် စင်ကာပူနိုင်ငံတဆင့် ကြားခံ ငွေပေးငွေယူရှင်းတမ်းတွေကို ကြပ်မတ်ဖို့က UN ပါလာမှ ထိရောက်မှု ရှိမယ်လို့ ဆိုပါတယ်။

အဆိုပါပုဂ္ဂိုလ်က “စင်ကာပူကနေတဆင့် ငွေပေးငွေယူတွေ လုပ်နေကြတယ်ပေါ့နော်။ ဒီတော့ စင်ကာပူအစိုးရရဲ့ ရပ်တည်ချက်ကို ကြည့်ရတာ သူတို့က UN အနေနဲ့ sanction လုပ်တယ်ဆိုရင်တော့ သူက ဒါတွေကို ပိတ်လိမ့်မယ်လို့ ထင်တယ်။ အမေရိကန် အပါအဝင် အနောက်နိုင်ငံက လုပ်လို့ ပိတ်မယ့်ပုံစံတော့ မရှိဘူး။ ဒါပေမဲ့ တခုရှိတာက အမေရိကန်ရဲ့ sanction မှာ secondary sanction လို့ခေါ်တာပေါ့။ အဲဒီ secondary sanction မှာ သူတို့နဲ့ပတ်သတ်တဲ့ ဟာတွေ အကုန်လုံးကို လုပ်နိုင်ရင်တော့ ပိုပြီးတော့ တင်းကျပ်မှု ရှိစေမယ်လို့” ဒီဗွီဘီကို ပြောပါတယ်။

လေတပ်ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်နဲ့ သူ့မိသားစုဟာ စစ်တပ်အတွက် စစ်ဘက်ဆိုင်ရာ လေယာဉ်တွေနဲ့ ဆက်စပ်အပိုပစ္စည်းတွေဝယ်ယူရာမှာ ကိုယ်ကျိုးစီးပွားအရ ပတ်သက်နေတယ်လို့ ရိုက်တာသတင်းဌာနက စုံစမ်းထောက်လှမ်းသတင်း ပြီးခဲ့တဲ့နှစ်က ထုတ်ပြန်ခဲ့ပါတယ်။

စင်ကာပူမှာ အခြေစိုက်နေထိုင်တဲ့ ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်ရဲ့ တူနဲ့ တူမတွေဟာ မြန်မာနိုင်ငံရဲ့ လေကြောင်းကဏ္ဍမှာ အကြံဉာဏ်တွေပေးတာ၊ လေယာဉ်အပိုပစ္စည်းတွေ ဝယ်ယူတာ၊ လေယာဉ်ငှားရမ်းမှုနဲ့ ပြုပြင်ထိမ်းသိမ်းမှုတွေနဲ့ပတ်သက်တဲ့ ဝန်ဆောင်မှု လုပ်ငန်းတွေကို မိသားစု စီးပွားရေးအဖြစ် လုပ်ကိုင်နေတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013