
ကွယ်လွန်သူ အိန္ဒိယဝန်ကြီးချုပ်ဟောင်း မန်မိုဟန်ဆင်းကို ဒီဇင်ဘာ ၂၈ ရက်နေ့က နိုင်ငံတော်ဈာပန အခမ်းအနားနဲ့ ယမုန်နာမြစ်ကမ်းနံဘေးမှာ မီးသင်္ဂြိုဟ်ခဲ့ပါတယ်။
ဈာပနကို ဆစ်ခ်ဘာသာဝင်တို့ရဲ့ ထုံးတမ်းအစဉ်အလာအတိုင်း ပြုလုပ်ခဲ့တာဖြစ်ပြီး အိန္ဒိယအလံ လွှမ်းခြုံထားတဲ့ ဝန်ကြီးချုပ်ဟောင်းရဲ့ ရုပ်အလောင်း တင်ဆောင်ထားတဲ့ ပန်းရထားကို မြို့တော်မှာ စစ်ကားနဲ့ ဆွဲပြီးသယ်ဆောင်ခဲ့ပါတယ်။
ကွန်ဂရက်ပါတီခေါင်းဆောင် ရာဟူးလ်ဂန္ဒီက ဆင်းမိသားစုနဲ့အတူ မီးသင်္ဂြိုဟ်မယ့်နေရာအထိ ထရပ်ကားနဲ့ လိုက်ပါခဲ့ပါတယ်။
စောင့်ကြိုနေတဲ့ ပြည်သူတွေ၊ ပါတီခေါင်းဆောင်တွေကလည်း နောက်ဆုံးအနေနဲ့ ဂါရဝပြုခဲ့ကြပါတယ်။
ဆင်းကို သင်္ကန်းရောင်အဝတ်နဲ့ ဖုံးလွှမ်းပြီး အဂ္ဂိစျာပနအဖြစ် ကျင်းပခဲ့တာဖြစ်ပါတယ်။
ဈာပနအခမ်းအနား တက်ရောက်ခဲ့တဲ့ လက်ရှိဝန်ကြီးချုပ် နာရိန္ဒြာမိုဒီက ဆင်းဟာ တိုင်းပြည်ရဲ့ အထင်ရှားဆုံး ခေါင်းဆောင်ကြီးတွေထဲက တဦးဖြစ်တယ်လို့ အမှတ်တရစကားပြောခဲ့ပြီး အိန္ဒိယသမ္မတ ဒရူပါဒီမာမူ အပါအဝင် နိုင်ငံအများအပြားက ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ပါတယ်။
Source: Reuters










