
တောင်ကိုရီးယားနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေတွေကို အခွင့်ကောင်းယူပြီး မြောက်ကိုရီးယားက ရန်စတဲ့ လုပ်ရပ်တွေကို လုပ်ဆောင်လာနိုင်ခြေအတွက် သတိကြီးကြီးထားပြီး တောင်ကိုရီးယားစစ်တပ်ကို နိုးနိုးကြားကြား ကြပ်ကြပ်မတ်မတ်ရှိထားဖို့ အစိုးရက အမိန့်ပေးထားကြောင်း တောင်ကိုရီးယား ယာယီသမ္မတသစ် ချွဲဆန်းမော့ က ဒီဇင်ဘာ ၂၇ ရက် သောကြာနေ့က ကြေညာချက် ထုတ်ပြန်ပြောဆိုပါတယ်။
“အသင့်အနေအထားကနေ မြောက်ကိုရီးယားရဲ့ ရန်စ၊ ဝါဒဖြန့်မှုတွေနဲ့ ဒုက္ခပေးမှုတွေအတွက် ကိုယ့်ရပ်တည်မှုကို ထိန်းသိမ်းရမှာဖြစ်ကြောင်းနဲ့ တောင်ကိုရီးယား-အမေရိကန် မဟာမိတ်ဆက်ဆံရေးကို အပြည့်အဝလုပ်ဆောင်နေချိန်မှာ တောင်ကိုရီးယားရဲ့ မဟာမိတ်တွေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အားထုတ်မှုကို မြှင့်တင်ပေးရပါမယ်” လို့ ယာယီသမ္မတ ချွဲဆန်းမော့ က ကြေညာချက်ထဲမှာ မှတ်ချက်ပေးခဲ့တာပါ။
အတိုက်အခံလွှတ်တော်အမတ်တွေဟာ ယာယီသမ္မတအဖြစ်တာဝန်ယူခဲ့တဲ့ ၀န်ကြီးချုပ် ဟန်ဒုခ်ဆူကို စွပ်စွဲပြစ်တင်ဖို့ မဲခွဲ ဆုံးဖြတ်ပြီးနောက်မှာ အာရှရဲ့ စတုတ္ထအကြီးဆုံး စီးပွားရေးနိုင်ငံမှာ နိုင်ငံရေးမရေရာမှုကို ဖြစ်ပေါ်စေခဲ့ပြီး ဘဏ္ဍာရေးဝန်ကြီးလည်းဖြစ်တဲ့ ချွဲဆန်းမော့ဟာ သီတင်း ၂ ပတ်အတွင်း တောင်ကိုရီးယားရဲ့ ဒုတိယမြောက် ယာယီသမ္မတ ဖြစ်လာပါတယ်။
သမ္မတ ယွန်းဆုခ်ယိုးလ်က ဒီဇင်ဘာ ၃ ရက်မှာ စစ်အုပ်ချုပ်ရေး ကြေညာခဲ့တာကြောင့် ဒီဇင်ဘာ ၁၄ ရက်က စွပ်စွဲပြစ်တင်ခံရပြီးနောက် ယာယီသမ္မတဖြစ်လာတဲ့ ဝန်ကြီးချုပ်ဟန်ဒုခ်ဆူကို အတိုက်အခံ လွှတ်တော်အမတ်တွေက နောက်ထပ်စွပ်စွဲပြစ်တင်ခဲ့တာပါ။
ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးမှာ လစ်လပ်နေရာတွေကိုဖြည့်စွက်ဖို့ တရားသူကြီး ၃ ယောက်ကို ချက်ချင်း ခန့်အပ်စေခဲ့တဲ့ ယာယီသမ္မတ ဟန်ဒုခ်ဆူဟာ သူ့လုပ်ပိုင်ခွင့်ကို ကျော်လွန်နေတယ်ဆိုပြီး အတိုက်အခံလွှတ်တော်အမတ်တွေက ဟန်ဒုခ်ဆူ ကို စွပ်စွဲပြစ်တင်ဖို့ မဲခွဲဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
Source: Reuters