
ဖြူဖြူထွေး ပါဝင်ဖျော်ဖြေဖို့ စီစဉ်ထားတဲ့ ဧရာဝတီတိုင်း၊ ဖျာပုံမြို့က လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြိုဖျော်ဖြေပွဲမှာ ဖြူဖြူထွေးအစား အဆိုတော်ရွှေထိုက်၊ သရုပ်ဆောင် ညီညီမင်းထက်တို့နဲ့ ပြောင်းလဲလိုက်တယ်လို့ ပွဲကျင်းပရေးကော်မတီနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
၇၇ နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဖျာပုံမြို့မှာ ကျင်းပမယ့် ပျော်ပွဲရွှင်ပွဲမှာ ဖြူဖြူထွေးက ဒီဇင်ဘာ ၃၀ ရက်မှာ ဖျော်ဖြေဖို့ စီစဉ်ခဲ့တာဖြစ်ပေမဲ့ ဆေးပရုတ်ဆီကြော်ငြာ ရိုက်ကူးရာမှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဝတ်စားဆင်ယင်မှုကို တုပခဲ့သလို သရော်ခဲ့တယ်ဆိုပြီး အွန်လိုင်းပေါ်မှာ ဝေဖန်ကန့်ကွက်မှုတွေ မြင့်တက်ပြီးနောက် အခုလို အစားထိုးခံရတာ ဖြစ်ပါတယ်။
ပွဲကျင်းပရေးကော်မတီနဲ့နီးစပ်သူ ဖျာပုံမြို့ခံတယောက်က “နာမည်ကျော် အဆိုတော် ရွှေထိုက်၊ ညီညီမင်းထက်တို့နဲ့ ဖြူဖြူထွေး နေရာမှာ အစားထိုးခဲ့တာ။ ဟောင်စု ပရုတ်ဆီ ကြော်ငြာကြောင့် အပြင်းအထန် ဝေဖန်ခံရတဲ့အတွက်ပေါ့။ ဒီဘက်မှာက ဗီနိုင်းတွေ၊ ပိုစတာတွေ၊ လက်မှတ်တွေ စုတ်ဖြဲတဲ့အထိ ဖြစ်ခဲ့တာ” လို့ ပြောပါတယ်။
ဝေဖန်မှုတွေမြင့်တက်ခဲ့တဲ့ ဖြူဖြူထွေးရဲ့ အဲဒီကြော်ငြာထဲမှာ ဖြူဖြူထွေးက မယ်တော်တယောက်အဖြစ် သရုပ်ဆောင်ပြီး ပန်းပန်တာနဲ့ မြန်မာဝတ်စုံ အဖြူဝမ်းဆက်ကို ဝတ်ဆင်တာအပြင် ဇာတ်ညွှန်းဒိုင်ယာလော့ခ်ထဲမှာ ၇၉ နဲ့ ဒိုးတော့ ဆိုတဲ့ အသုံးအနှုန်းတွေကို ထည့်ပြောခဲ့တာက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပုံဖော်ပြီး အသက်ကိုလည်း ရည်ရွယ်ချက်ရှိရှိ ထည့်ပြောခဲ့တာလို့ ဆိုရှယ်မီဒီယာ သုံးစွဲသူအများစုက ဝေဖန်ကန့်ကွက်ခဲ့ကြတာ ဖြစ်ပါတယ်။
ဒီဇင်ဘာ ၂၅ ရက်မနက်ပိုင်းမှာ အဲဒီဗွီဒီယိုကို ဖြူဖြူထွေးက သူ့ရဲ့ပေ့ချ်ကနေ ဖြုတ်ချခဲ့ပြီး ဒီဇင်ဘာ ၂၅ ရက် နေ့လယ်ပိုင်းမှာတော့ ဖြူဖြူထွေးနဲ့ ဇာတ်ညွှန်းရေးဆရာ ဆိုသူက သူတို့ ဘယ်သူ့ကိုမှ စော်ကားလိုစိတ်မရှိခဲ့ဘဲ ရိုးရိုးသားသား ရိုက်ကူးခဲ့တယ်ဆိုပြီး ဖြူဖြူထွေးရဲ့ပေ့ချ်ကနေ ဗွီဒီယိုနဲ့ တောင်းပန်စကားဆိုခဲ့တာ တွေ့ရပါတယ်။