DVB Logo
Home
နိုင်ငံတကာ
ပီရူးတွင် ရေနံစိမ်း ယိုဖိတ်မှုကြောင့် သဘာဝပတ်ဝန်းကျင် အရေးပေါ်အခြေအနေ ကြေညာ
DVB
·
December 28, 2024
ပီရူးတွင် ရေနံစိမ်း ယိုဖိတ်မှုကြောင့် သဘာဝပတ်ဝန်းကျင် အရေးပေါ်အခြေအနေ ကြေညာ
Donate to DVB

ပီရူးအစိုးရဟာ နိုင်ငံပိုင် ရေနံကုမ္ပဏီ ပက်ထရို-ပီရူးမှ ပြီးခဲ့တဲ့သီတင်းပတ်က ရေနံစိမ်း တင်ပို့မှုလုပ်ဖို့ ပြင်ဆင်နေတုန်း ပစိဖိတ်သမုဒ္ဒရာ အနီးတဝိုက် ရေပြင်ကို ဖိတ်စဉ်ခဲ့တဲ့ မြောက်ပိုင်းကမ်းရိုးတန်းဒေသမှာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အရေးပေါ်အခြေအနေတရပ်ကို ဒီဇင်ဘာ ၂၆ ရက်က ကြေညာခဲ့ပါတယ်။

ဒီဇင်ဘာ ၂၁ ရက်က ပီရူးမြောက်ပိုင်းရှိ တာလရာ ရေနံချက်စက်ရုံရဲ့ ဂိတ်စခန်းတခုမှာ သင်္ဘောတင်ပို့မှုအတွက် ကြိုတင်ပြင်ဆင် လုပ်ဆောင်နေချိန်မှာ ယိုဖိတ်မှု ဖြစ်ပွားခဲ့တာပါ။

ပက်ထရို-ပီရူး ကုမ္ပဏီက ပင်လယ်ထဲကို ရေနံစိမ်း ဘယ်လောက်ယိုဖိတ်ခဲ့တာကို ပြောကြားခြင်း မရှိပေမဲ့ ပီရူးရဲ့ သဘာဝပတ်ဝန်းကျင် စောင့်ကြည့်ရေးအဖွဲ့ OEFA ရဲ့ ပဏာမ အစီရင်ခံစာထဲမှာတော့ ပင်လယ်ရေမျက်နှာပြင် စတုရန်းမီတာ ၁၀,၀၀၀ လောက်ကို ထိခိုက်ခဲ့ပြီး ကမ်းခြေ ၇ ခုထက်မနည်းနဲ့ ဒေသခံ တောရိုင်းတိရစ္ဆာန်တွေကို ထိခိုက်မှုရှိခဲ့ကြောင်း သဘာဝပတ်ဝန်းကျင် ဝန်ကြီးဌာနက ပြောပါတယ်။

ပီရူးနိုင်ငံရဲ့ ပတ်၀န်းကျင်ဝန်ကြီးဌာနက ဒီ ရက်ပေါင်း ၉၀ အရေးပေါ်အခြေအနေဟာ ဒီနယ်မြေဧရိယာရဲ့ ရေရှည်တည်တံ့တဲ့ စီမံခန့်ခွဲမှုကို အာမခံဖို့နဲ့ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုကို လျော့ပါးစေဖို့ ပြန်လည်ထူထောင်ရေးနဲ့ ပြန်လည်ပြုပြင်ရေးလုပ်ငန်းတွေကို လုပ်ဆောင်ဖို့ ရည်ရွယ်ကြောင်း ပြောကြားခဲ့ပါတယ်။

ရေနံစိမ်းတွေ ဖိတ်စဉ်မှုကြောင့် ကမ်းရိုးတန်းအပင်တွေနဲ့ ကဏန်းတွေလို တိရစ္ဆာန်တွေ ပျက်စီးခဲ့ကြောင်း ဒေသအာဏာပိုင်တွေက ပြောကြားခဲ့ပြီး ငါးဖမ်းသမားတယောက်ကလည်း အဲဒီယိုဖိတ်မှုကြောင့် သူတို့ အလုပ်လုပ်လို့ မရတော့ကြောင်း ပြောဆိုပါတယ်။

ပက်ထရို-ပီရူး ကုမ္ပဏီကတော့ ရေနံစိမ်းဖိတ်စင်မှု ဖြစ်ပွားတဲ့အချိန်ကတည်းက သန့်ရှင်းရေးအဖွဲ့တွေကို ဖြန့်ကြက်ချထားခဲ့ပြီး ဒေသတွင်း စီးပွားရေးနဲ့ ခရီးသွားလုပ်ငန်းတွေကို ပုံမှန်အတိုင်း ဆက်လက်ဆောင်ရွက်နိုင်ဖို့ ရေလုပ်သားသမဂ္ဂနဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေနဲ့ ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း ဒီဇင်ဘာ ၂၄ ရက်မှာ ပြောကြားခဲ့ပါတယ်။

Source : Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013