DVB Logo
Home
မြန်မာသတင်း
အိန္ဒိယဝယ်အားနည်းနေသဖြင့် မတ်ပဲ၊ ပဲစင်းငုံဈေး ဆက်ကျ
DVB
·
December 26, 2024
အိန္ဒိယဝယ်အားနည်းနေသဖြင့် မတ်ပဲ၊ ပဲစင်းငုံဈေး ဆက်ကျ
Donate to DVB

မြန်မာ့ပဲထွက်ကုန် အဓိကဝယ်လက်ဖြစ်တဲ့ အိန္ဒိယနိုင်ငံရဲ့ ဝယ်လိုအား နည်းနေလို့ မတ်ပဲနဲ့ ပဲစင်းငုံဈေး ဆက်လက်ကျဆင်းနေတယ်လို့ ကုန်သည်တွေထံက သိရပါတယ်။

လက်ရှိမှာ ပြည်တွင်းဈေးကွက်ထဲ မတ်ပဲအသစ် အဝင်ရှိနေပြီး အိန္ဒိယဘက်ကလည်း အဝယ်နည်းလာတာကြောင့်  မတ်ပဲတတန်ဈေးနှုန်းက ကျပ် ၃၅ သိန်း ဝန်းကျင်ကနေ ၃၄ သိန်းကို  တပတ်အတွင်း ပြန်ကျဆင်းလာပြီး ပဲစင်းငုံဈေးနှုန်းကလည်း ကျပ် ၃၈ သိန်းခွဲ ဝန်းကျင်ကနေ ကျပ် ၃၄ သိန်းကို တပတ်အတွင်း ပြန်ကျဆင်းလာတာ တွေ့ရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလဆန်းက မတ်ပဲတတန်ကို ၄၅ သိန်း၊ ပဲစင်းငုံနီက ၅၂ သိန်းအထိ အမြင့်ဆုံး ရောက်ခဲ့ပေမဲ့ ဒေါ်လာငွေလဲနှုန်းနဲ့ ပြည်ပဝယ်လိုအားအပေါ်မူတည်ပြီး တောက်လျှောက် ပြန်ကျလာခဲ့တာ ဖြစ်ပါတယ်။

ပဲသစ်ဝင်ရောက်မှုအပေါ် မူတည်ပြီး မတ်ပဲက ဈေးအကျများနိုင်တယ်လို့ သုံးသပ်မှုတွေ ရှိနေသလို  ပြည်တွင်းပဲအထွက်နှုန်း နည်းပါးမှုနဲ့ အိန္ဒိယရဲ့ ပဲလိုအပ်ချက်အရ ရေရှည်မှာ ပဲဈေး အကျလျော့နည်းနိုင်တယ်လို့လည်း သုံးသပ်တာတွေ ရှိနေပါတယ်။

လက်ရှိမှာ ဝယ်လက် အိန္ဒိယနိုင်ငံမှာလည်း မတ်ပဲဈေး ကျဆင်းနေပြီး လာမယ့်လပိုင်းတွေမှာ ပဲအသစ်တွေ ဝင်ရောက်ဖို့လည်း ရှိတယ်လို့ အိန္ဒိယ သတင်းတွေအရ သိရပါတယ်။

အိန္ဒိယနိုင်ငံဟာ  မြန်မာနိုင်ငံအပြင် ဘရာဇီးနိုင်ငံနဲ့ တခြားနိုင်ငံတွေကနေ မတ်ပဲဝယ်ယူတင်သွင်းပြီး  ပဲစင်းငုံကိုလည်း အာဖရိဘက်ကနေ တိုးမြှင့် ဝယ်ယူနေပါတယ်။

ဒါပေမဲ့ အိန္ဒိယက ၂၀၂၅ ခုနှစ် မတ်လကုန်အထိ မတ်ပဲနဲ့ ပဲစင်းငုံကို လွတ်လပ်စွာ တင်သွင်းခွင့်ကာလ တိုးမြှင့်သတ်မှတ်ထားပါတယ်။

မြန်မာနဲ့ အိန္ဒိယ ၂ နိုင်ငံအကြား MoU နားလည်မှုစာချွန်လွှာ ရေးထိုးထားပြီး အဲဒီ MoU အရ ၂၀၂၅-၂၆ အထိ မြန်မာနိုင်ငံကနေ အိန္ဒိယကို နှစ်စဉ် မတ်ပဲတန်ချိန် ၂ သိန်းခွဲနဲ့ ပဲစင်းငုံ တန်ချိန် ၁ သိန်းကို တင်ပို့ခွင့် ရထားပါတယ်။

ဒါ့အပြင် အသစ်ချုပ်ဆိုမယ့် MoU မှာ တနှစ်ကို မတ်ပဲတန်ချိန် ၅ သိန်းနဲ့ ပဲစင်းငုံတန်ချိန် ၂ သိန်းထိ တိုးမြှင့်ဝယ်ယူဖို့ ထည့်သွင်းချုပ်ဆိုသွားဖို့ ရှိတယ်လို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013