DVB Logo
Home
မြန်မာသတင်း
ဗန်းမော်-မံစီ စစ်ရှောင်များထံက စစ်ကောင်စီတပ်က အဓမ္မငွေညှစ်နေ
DVB
·
December 26, 2024
ဗန်းမော်-မံစီ စစ်ရှောင်များထံက စစ်ကောင်စီတပ်က အဓမ္မငွေညှစ်နေ
Donate to DVB

ဗန်းမော်-မံစီဘက်က စစ်ဘေးရှောင်တွေ မန္တလေးဘက်ကို ထွက်ပြေးလာတာကို စစ်ကောင်စီက စစ်ကိုင်းတံတားမှာ ဖြတ်ပြီး ငွေကြေးတောင်းခံတာတွေ ပြုလုပ်နေပါတယ်။ 

ဒီဇင်ဘာလဆန်းပိုင်းကစပြီး ကချင်ပြည်နယ်၊ ဗန်းမော်မြို့နဲ့ မံစီမြို့ကို ကချင်လွတ်လပ်ရေး တပ်မတော် (KIA) က သိမ်းယူဖို့ ကြိုးစားနေပြီး ဆက်တိုက်ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ဗန်းမော်နဲ့ မံစီမြို့က စစ်ရှောင်အများအပြား မန္တလေးဘက်ကို ထွက်ပြေးလာကြတာပါ။

စစ်ရှောင်တွေ ထွက်ပြေးလာတာနဲ့ တပြိုင်တည်းမှာ မန္တလေးမြို့အဝင် စစ်ကိုင်းတံတားမှာ စစ်ကောင်စီတပ်သားတွေက အကြောင်းပြချက်မျိုးစုံနဲ့ စစ်ဆေးမှုတွေ ပြုလုပ်ပြီး ငွေကြေးတောင်းခံတာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

ငွေကြေးတောင်းခံတာအပြင် စစ်မှုထမ်း သင်တန်းအပတ်စဉ် ၈ အတွက် လူငယ်တွေကို ပေါ်တာဆွဲ ဖမ်းဆီးတာတွေလည်း ရှိနေတယ်လို့ မတ္တရာ PDF တာဝန်ရှိသူ ဦးတိုးက ပြောပါတယ်။

“ငွေညှစ်တာကတော့ ခရီးသွားကားတွေကို ဆီတွေဘာတွေ သယ်လာတယ်ဆိုလို့ရှိရင် ကားတစီးကို စစ်ကိုင်းတံတား ဖြတ်ခပေါ့လေ၊ ယာဉ်အမျိုးအစားအပေါ် မူတည်ပြီးတော့ တသိန်းကနေ လေးငါးသိန်းအထိ သတ်မှတ်ပြီးတော့ ကောက်ခံတာတွေရှိတယ်။ တဆက်တည်း ဖြစ်တာက ဗန်းမော်-မံစီဘက်က စစ်ရှောင်လာတဲ့အဖွဲ့တွေ ရှိတယ်၊ မန္တလေးမြို့ထဲကို ဝင်တဲ့အချိန်နဲ့ ဖြတ်သန်းတဲ့ အချိန်ကိုက်လို့ပဲ ပြောလို့ရတယ်၊ စစ်ရှောင်တွေထဲကို ဘာပါလာတယ် ညာပါလာတယ် ဆိုတဲ့သတင်း အကြောင်းပြပြီးတော့ စစ်တာမျိုးလည်း ဖြစ်နိုင်သလို အဓိကကတော့ ပေါ်တာဆွဲတာပါ။”

စစ်ကိုင်း-မန္တလေး-ရှမ်းပြည်နဲ့ ကချင်ပြည် နယ်စပ်တလျှောက် စစ်ရှောင်တွေဟာ ဘေးကင်းမယ်လို့ ယူဆတဲ့ မြို့ပေါ်အရပ်တွေကို ဆက်တိုက်ထွက်ပြေး တိမ်းရှောင်နေကြတာပါ။

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်မှာ အမြန်လမ်းဘက်ကို နွားထိုးကြီးမြို့နယ် ပကဖနဲ့ ပူးပေါင်းအဖွဲ့တွေက ထိန်းချုပ်ထားတာကြောင့် အမြန်လမ်းအနီးဝန်းကျင်မှာရှိတဲ့ ကုက္ကိုလ်စီး၊ ဆုံကုန်း၊ ရွှေပြည့်အိမ်၊ မြိုင်သာတို့ အပါအဝင် ကျေးရွာ ၇ ရွာကို စစ်ကောင်စီက ဒီဇင်ဘာ ၂၅ ရက်ကစပြီး စစ်ကြောင်း ၃ ကြောင်း ဖြန့်ထိုးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နွားထိုးကြီးမြို့နယ် ဆားတောင်ဘက်မှာ ထိတွေ့တိုက်ခိုက်မှုတွေရှိခဲ့ပြီး စစ်ကောင်စီက ဒီဇင်ဘာ ၂၄ ရက် ညပိုင်းမှာ မြိုင်သာကျေးရွာ ဘုန်းကြီးကျောင်းအနီးနဲ့ ဒီဇင်ဘာ ၂၅ ရက် ညနေပိုင်းမှာ မြတောင်ကျေးရွာ ဘုန်းကြီးကျောင်းအနီးကို လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

မြင်းခြံမြို့နယ်မှာတော့ စစ်ကောင်စီနဲ့ ပျူစောထီးခေါင်းဆောင် ဒေါ်သီတာယုမွန်တို့ရဲ့ အင်အားတွေ လှုပ်ရှားမှုတွေ ပြုလုပ်နေပြီး ဒီရက်ပိုင်းမှာ ထိတွေ့မှုတော့ မရှိသေးဘူးလို့ သိရပါတယ်။

မြင်းခြံခရိုင် တပ်ရင်း-၂ တာဝန်ရှိသူ ဗိုလ်ဇီးရိုးက “အဓိက ကျနော်တို့ COC ယူရမယ်၊ တပ်ရင်းတပ်ဖွဲ့ပုံစံမျိုးလည်း ပီပီပြင်ပြင် တည်ဆောက်ထားပြီ။ တပ်ရင်းတပ်ဖွဲ့မှာလည်း သူ့သက်ဆိုင်ရာ အဆင့်အလိုက် နေရာတွေနဲ့ ကွပ်ကဲမှုတွေ ပေးနေကြပြီပေါ့နော်။ ပြည်သူကို ကျနော်တို့က အဓိက အရင်မျက်နှာမူရမယ်။ ပြည်သူရွံမုန်းမယ့်အလုပ် ပြည်သူစိတ်ကုန်မယ့် အလုပ်မျိုးတော့ ကျနော်တို့က ရှောင်ရမယ်ပေါ့နော်။ မလိုလားအပ်ဘဲ ယူနီဖောင်းကြီးဝတ်ပြီး တကားကားနဲ့ သွားနေတာမျိုး၊ လက်နက်ကြီးကိုင်ပြီး တယားယား လုပ်နေတာမျိုးတွေ ဒါမျိုးတွေက အမြင်မတင့်တဲ့ဟာမျိုးတွေပေါ့။ ပြည်သူကို ကျနော်တို့ မကောင်းတဲ့ခံစားမှုမျိုး ပေးတာမျိုးတော့ ကျနော်တို့ ရှောင်ရမယ်။ မလိုအပ်တဲ့စကားတွေ ပြောတာမျိုးပေါ့နော်။ ဒါမျိုးတွေက ကျနော်တို့က ရှောင်ရတော့မယ်။ သိုသိုသိပ်သိပ်နဲ့ ပီပီပြင်ပြင် လုပ်ဆောင်ရမယ့် အချိန်တခုကို ကျနော်တို့က ရောက်လာပြီပေါ့ဗျာ” လို့ ပြောပါတယ်။

သပိတ်ကျင်းမြို့နယ် မိုးမိတ်-တွင်းငယ်လမ်းပိုင်းမှာ ထိတွေ့တိုက်ပွဲငယ်တွေ ဆက်တိုက်ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က ထိန်းချုပ်နိုင်ဖို့ အင်အားသုံးနေတယ်လို့ ဒေသခံ PDF တွေက ပြောပါတယ်။

မတ္တရာမြို့နယ် အနောက်ခြမ်းနဲ့ အနောက်မြောက်ခြမ်း မြစ်ရိုးတန်းကျေးရွာ ၁၀ ရွာ ဝန်းကျင်လောက်ကို နှစ်ဖက်ထိတွေ့တိုက်ပွဲ မရှိဘဲနဲ့ စစ်ကောင်စီက ဝင်ရောက်ပစ်ခတ်မီးရှို့တာ၊ အဝေးကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ နေ့စဉ်ပြုလုပ်နေတယ်လို့ သိရပါတယ်။

စဉ့်ကူးမြို့နယ်ကိုတော့ PDF တွေက အပြည့်အဝ ထိန်းချုပ်ထားပြီး စစ်ကောင်စီဘက်က ထိုးစစ်ဆင်တာမျိုး မလုပ်နိုင်သေးပါဘူး။

သုတချမ်းသာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013