
ရန်ကုန်၊ ဗဟန်းမြို့နယ်၊ ဆရာစံမြောက်အရှေ့ရပ်ကွက်မှာ ဒီဇင်ဘာ ၂၆ ရက် မနက်ပိုင်းက AK Cosmetic ဆိုင်ရှင်ကို ဓားနဲ့ထိုးပြီး ဆွဲကြိုးလုယူသွားခဲ့ကြောင်း မြို့ခံတွေထံက သိရပါတယ်။
ဗဟန်းမြို့နယ်၊ ဆရာစံမြောက်အရှေ့ရပ်ကွက်၊ ဆရာစံလမ်း၊ အမှတ် ၁၄၀၊ မြေညီထပ်ရှိ AK Cosmetic ဆိုင်ရှင်ဖြစ်သူ အသက် ၃၅ နှစ်အရွယ် ဒေါ်အေးအိခိုင်မှာ ဆိုင်ဖွင့်နေစဥ် အခုလို သတ်ဖြတ်လုယူခံခဲ့ရတာလို့ လမ်းအတွင်းနေထိုင်သူတယောက်က ပြောပါတယ်။
“သူဆိုင်ဖွင့်တဲ့အချိန်ကို ချောင်းပြီး လမ်းထဲလူရှင်းတုန်းမှာ ရွှေဆွဲကြိုးကို အမျိုးသားတယောက်က ဝင်လုတာပါ။ အေးအိခိုင်ကလည်း ပြန်ပြီးခုခံနေလို့ ဓားနဲ့ထိုးသွားတာ ပွဲချင်းပြီးပဲ။ လုသွားတဲ့သူကိုတော့ ဖမ်းမမိသေးဘူးလို့ကြားတယ်။”
စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း ရန်ကုန်မြို့မှာ တရားဥပဒေစိုးမိုးမှု အားနည်းလာတာကြောင့် နေ့ခင်းပိုင်း အနုကြမ်းစီးတာ၊ ကားလုတာ၊ ဆွဲကြိုးဖြတ်ယူတာအပြင် ဖောက်ထွင်းခိုးယူတာတွေလည်း မကြာခဏဆိုသလို ဖြစ်နေကြောင်း ရန်ကုန်မြို့ခံတွေထံက သိရပါတယ်။
အလားတူ မော်လမြိုင်မြို့ အပါအဝင် မြို့နယ်တချို့မှာလည်း ဓားပြတိုက်မှုတွေ ဆက်တိုက်ဖြစ်ပွားနေပြီး ဒီဇင်ဘာ ၂၆ ရက် ဒီနေ့မနက်ပိုင်းကလည်း မန္တလေးမြို့တွင်းရှိ နဂါးနန်းတော်ရွှေဆိုင် ဓားပြတိုက်ခံခဲ့ရကြောင်း သိရပါတယ်။










