DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းအဝင်တွင် စစ်ကောင်စီတပ်က  တင်းတင်းကျပ်ကျပ် စစ်ဆေးနေ
DVB
·
December 26, 2024
ဧရာဝတီတိုင်းအဝင်တွင် စစ်ကောင်စီတပ်က  တင်းတင်းကျပ်ကျပ် စစ်ဆေးနေ
Donate to DVB

ဧရာဝတီတိုင်းအဝင် စစ်ဆေးရေးဂိတ်တွေမှာ အဝင်အထွက် ကားမှန်သမျှကို အသေးစိတ် စစ်ဆေးနေတာကြောင့် ခရီးကြန့်ကြာမှုတွေ ဖြစ်နေတယ်လို့ ယာဉ်မောင်းတွေနဲ့ ခရီးသွားပြည်သူတွေထံက သိရပါတယ်။

အခုရက်ပိုင်းထဲ ရန်ကုန်ကနေ ဧရာဝတီတိုင်းကို အဝင်အထွက်ပြုလုပ်နေတဲ့ ခရီးသည်တင် မော်တော်ယာဉ်၊ ကုန်ကား၊ အိမ်စီးကားတွေနဲ့ မော်တော်ဆိုင်ကယ်တွေကို အသေးစိတ် စစ်ဆေးတာတွေ ပြုလုပ်နေသလို ချောင်းသာနဲ့ ငွေဆောင် အပြန်လမ်းမှာရှိတဲ့ ပုသိမ်တံတား အမှတ် ၂ ကိုးဆူစစ်ဆေးရေးဂိတ်ဟာလည်း အဝင်အထွက်ကားတွေကို အစစ်အဆေး တင်းတင်းကျပ်ကျပ် ပြုလုပ်နေတယ်လို့ မော်တော်ယာဉ်မောင်းတွေနဲ့ ခရီးသွားတွေက ပြောပါတယ်။

ဒဂုံဧရာ အဝေးပြေးဂိတ်က ယာဉ်မောင်းတယောက်က “ရန်ကုန် အဝင်အထွက်က သိပ်မစစ်ဘူး။ ဧရာဝတီအဝင် ပန်တိုင်စစ်ဆေးရေးဂိတ်ကတော့ အဝင်အထွက်ကားတွေ အကုန် အသေးစိတ်စစ်တာ။ သူတို့မသင်္ကာရင် ဘန်ကာတွေထဲအထိ အသေးစိတ် ခေါ်မေးပြီးစစ်တာ။ အဲဒီဂိတ်မှာဆိုရင် နေ့တိုင်းလိုလို ယာဉ်ကြောပိတ်ပြီး ခရီးကြန့်ကြာနေကြတာ” လို့ ပြောပါတယ်။

စစ်ကောင်စီဂိတ်တွေဟာ ရန်ကုန်-ပုသိမ် လမ်းတလျှောက်မှာ အများအပြား ဖွင့်လှစ်ထားပေမဲ့ အဓိကစစ်ဆေးတဲ့ နေရာတွေကတော့ မြို့အဝင်အထွက်ဂိတ်တွေသာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ ဧရာဝတီ အမှတ် ၂ တံတား ကိုးဆူစစ်ဆေးရေးဂိတ်မှာလည်း ဖြတ်သန်းသွားလာတဲ့ ကားတိုင်းကို ဝမ်းဗိုက်၊ နောက်ဖုံးပါမချန် ရှာဖွေစစ်ဆေးနေသလို ခရီးသွားတွေရဲ့ မှတ်ပုံတင်တိုင်းကို စစ်ဆေးနေတယ်လို့ ချောင်းသာက ပြန်လာသူတယောက်က ပြောပါတယ်။

“ခရီးသည်ဆိုရင် မှတ်ပုံတင်စစ်တယ်။ ကားဆိုရင် ကားအောက်ပိုင်း၊ အနောက်ဖုံး၊ ပစ္စည်းတင်တဲ့နေရာတွေကို အကုန်စစ်တာ။ သူတို့စိတ်တိုင်းကျပြီဆိုမှ ပေးဖြတ်တာ။ အဲလိုစစ်လို့ ပိုက်ဆံမပေးရဘူးလား ဆိုတော့ ပေးရတာပဲ။ ဂိတ်ကိုရောက်တာနဲ့ ခရီးသည်စာရင်းစာရွက်နဲ့ စာရွက်ကို စပယ်ယာက အရင်ဆင်းပေးရတာ။”

ဒီလို ဧရာဝတီတိုင်းရဲ့ မြို့အဝင်အထွက် စစ်ဆေးရေးဂိတ်တွေမှာ စစ်ဆေးမှုအသေးစိတ် ပြုလုပ်နေတာဟာ ဧရာဝတီတိုင်းနဲ့ အနီးဆုံးမြို့နယ်တခုဖြစ်တဲ့ ရခိုင်ပြည်နယ်၊ ဂွမြို့က စစ်ကောင်စီတပ်စခန်းတွေကို ရက္ခိုင့်တပ်တော် (AA) က ဝင်ရောက်တိုက်ခိုက်နေတာကြောင့် ဖြစ်ပါတယ်။

ဒါ့အပြင် ဧရာဝတီတိုင်းအတွင်းထိ AA က ဝင်ရောက်တိုက်ခိုက်လိမ့်မယ်ဆိုတဲ့ သတင်းစကားတွေကြောင့်လည်း အခုရက်ပိုင်းထဲ စစ်ဆေးရေးတွေ တင်းကျပ်နေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013