ဟန်တာဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့ ဇိမ်ခံသင်္ဘောတစင်းကို ကနေးရီကျွန်းမှာ ဆိုက်ကပ်ဖို့ စပိန်နိုင်ငံက သဘောတူခဲ့ပါတယ်။
ဇိမ်ခံသင်္ဘောဟာ အာဖရိကန်ရှိ ကိတ်ဗာ့ကနေ ကနေးရီကျွန်းတွေဆီကို ထွက်ခဲ့တာပါ။ အာဖရိကအနောက်ပိုင်းမှာရှိ ကိတ်ဗာ့က သင်္ဘောသား ၁၄၇ ယောက်နဲ့ ခရီးသည်တွေပါတဲ့ အမ်ဗွီဟွန်ဒီးအက်စ်သင်္ဘောကို လက်မခံနိုင်ဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ရှင်းပြခဲ့တဲ့အကြောင်းကို စပိန်ကျန်းမာရေးဝန်ကြီးက ထုတ်ပြန်ပြောပါတယ်။
“ကာနေးကျွန်းတွေဟာ လိုအပ်တဲ့အကူအညီတွေ ရယူနိုင်ဖို့ အနီးစပ်ဆုံးနေရာမှာ ရှိပါတယ်။ သင်္ဘောမှာပါတဲ့သူ အများစုဟာ စပိန်နိုင်ငံသားတွေဖြစ်ပြီး စပိန်နိုင်ငံက တရားဝင်ရော၊ ကိုယ်ချင်းစာစိတ်နဲ့ပါ ဒီလူတွေကို အကူအညီပေးသွားမှာပါ” လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
သင်္ဘောပေါ်မှာ ရောဂါပြင်းထန်နေတဲ့ ဒတ်ချ်လူမျိုး ဆရာဝန်ကိုလည်း ဒတ်ချ်အစိုးရရဲ့ တောင်းဆိုမှုကြောင့် ဆေးကုသရေးလေယာဉ်နဲ့ သယ်ဆောင်ခွင့်ပြုခဲ့တယ်လို့ စပိန်ဝန်ကြီးဌာက ပြောပါတယ်။
ဧပြီလအစောပိုင်းက သင်္ဘောပေါ်မှာ ကြွက်သေးကနေ ကူးစက်တဲ့ရောဂါကြောင့် ဒတ်ချ်လူမျိုး စုံတွဲနဲ့ ဂျာမန်တယောက် သေဆုံးခဲ့ပါတယ်။
ဗြိတိန်နိုင်ငံသားတယောက်ကတော့ တောင်အာဖရိမှာ ပြင်းထန်တဲ့ အဖျားရောဂါကြောင့် သင်္ဘောပေါ်ကနေ ဆင်းနေခဲ့ရပါတယ်။
လက်ရှိသင်္ဘောပေါ်မှာ သင်္ဘောသား ၂ ယောက်ကလည်း အရေးပေါ် ဆေးကုသမှုခံယူဖို့ လိုအပ်နေပြီး နောက်ထပ် ခရီးသည်တယောက်လည်း နေမကောင်းဖြစ်နေပါတယ်။
WHO ရဲ့ ဖော်ပြချက်အရ အဲဒီ ဇိမ်ခံသင်္ဘောပေါ်မှာ နိုင်ငံပေါင်း ၂၃ နိုင်ငံက ခရီးသည် ၈၈ ယောက် ပါဝင်တယ်လို့ ဆိုပါတယ်။ ဒီခရီးစဉ်ဟာ လူ တယောက်ကို ယူရို ၁၄,၀၀၀ ကနေ ယူရို ၂၂,၀၀၀ အထိ ပေးရတဲ့ ခရီးစဉ် ဖြစ်ပါတယ်။
သင်္ဘောပေါ်မှာ ပါတဲ့ ဒတ်ချ်လူမျိုး တယောက်က ပထမဆုံးနေမကောင်းတဲ့ ခရီးသည်ဖြစ်ပြီး ဧပြီ ၁၁ ရက်မှာ သေဆုံးခဲ့ကာ ဧပြီ ၂၄ ရက်အထိ သင်္ဘောပေါ်မှာ ရုပ်အလောင်းရှိနေတယ်လို့ ဆိုပါတယ်။
သေဆုံးသူရဲ့ အမျိုးသမီးမှာလည်း ရောဂါလက္ခဏာတွေခဲ့ပြီး ဂျိုဟန်နက်ဘတ်မှာ လေယာဉ်နဲ့ ပြောင်းရွှေ့ပြီး ဆေးကုသဖို့လုပ်ခဲ့ပေမဲ့ အရေးပေါ်ဌာနကိုရောက်တဲ့ ဧပြီ ၂၆ ရက်နေ့မှာ သေဆုံးခဲ့ပါတယ်။
ဂျိုဟန်နတ်ဘတ်ဆေးရုံမှာ ဆေးကုသမှုခံယူနေတဲ့ ဗြိတိန်နိုင်ငံသား တယောက်ကလည်း ဟန်တာဗိုင်းရပ်စ် ကူးစက်ခံထားရတယ်လို့ တောင်အာဖရိက အာဏာပိုင်တွေက အတည်ပြုပါတယ်။
Source: Reuters










