
ဆယ်လီ ဖြူဖြူထွေး ဖျော်ဖြေမယ့် ဧရာဝတီတိုင်း၊ ဖျာပုံမြို့က လွတ်လပ်ရေးနေ့ ဖျော်ဖြေပွဲအတွက် ကြိုတင်ဝယ်ယူထားတဲ့ လက်မှတ်တွေကို ပြန်လည်ရောင်းချတာနဲ့ စုတ်ဖြဲတာတွေ ရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဖျာပုံမြို့မှာ ကျင်းပမယ့် ၇၇ နှစ်မြောက် လွတ်လပ်ရေးအောင်ပွဲအကြိုပျော်ပွဲရွှင်ပွဲမှာ ဆယ်လီ ဖြူဖြူထွေးက ဒီဇင်ဘာ ၃၀ ရက်မှာ ဖျော်ဖြေဖို့ ရှိနေတာပါ။
ဒီဇင်ဘာ ၂၃ ရက်က ဆေးပရုတ်ဆီ အွန်လိုင်းကြော်ငြာရိုက်ကူးရာမှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို စော်ကား သရော်ခဲ့တယ်ဆိုပြီး ဆယ်လီ ဖြူဖြူထွေးကို အွန်လိုင်းပေါ်မှာ အများပြည်သူတွေရဲ့ ဝေဖန်ကန့်ကွက်မှုတွေ မြင့်တက်နေတာ ဖြစ်ပါတယ်။
ဖျာပုံမြို့ခံတယောက်က “သူလုပ်ထားတာ အသိသာကြီးလေ၊ ဒါ့ကြောင့် ရွံမုန်းသွားကြတာ။ ငွေရတိုင်း သူများခိုင်းတိုင်း လုပ်နေတာ။ ဒေါ်အောင်ဆန်းစုကြည်လို လူထုခေါင်းဆောင်ကို လှောင်ပြောင်တာ သရော်တာက မဟာအမှားပဲ။ အခုတော့ သူ့အမာခံ ပရိသတ်တွေတောင် လက်မှတ်တွေ စုတ်ဖြဲတာ၊ ပြန်ရောင်းတာတွေ လုပ်နေတယ်” လို့ ပြောပါတယ်။
အဲဒီကြော်ငြာထဲမှာ ဖြူဖြူထွေးက မယ်တော်တယောက်အဖြစ် သရုပ်ဆောင်ပြီး ပန်းပန်တာနဲ့ မြန်မာဝတ်စုံ အဖြူဝမ်းဆက်ကို ဝတ်ဆင်တာအပြင် ဇာတ်ညွှန်းဒိုင်ယာလော့ခ်ထဲမှာ ၇၉ နဲ့ ဒိုးတော့ ဆိုတဲ့ အသုံးအနှုန်းတွေကို ထည့်ပြောခဲ့တာက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပုံဖော်ပြီး အသက်ကိုလည်း ရည်ရွယ်ချက်ရှိရှိ ထည့်ပြောခဲ့တာလို့ ဆိုရှယ်မီဒီယာသုံးစွဲသူ အများစုက ဝေဖန်ကန့်ကွက်ခဲ့ကြတာလို့ သိရပါတယ်။
ဒါ့အပြင် အဲဒီ ‘ဟောင်စု’ ဆိုတဲ့ ဆေးပရုတ်ဆီကြော်ငြာဗီဒီယိုကို စတင်ခဲ့ချိန်မှာ ခြံစည်းရိုးကြီး မယ်တော်ဟောင်စုဘဝလို့ Caption ရေးခဲ့တာက ကြော်ငြာနဲ့သက်ဆိုင်မှုမရှိဘဲ နေအိမ်အကျယ်ချုပ်နဲ့ ခြံစည်းရိုးအတွင်းနေရတဲ့ လူထုခေါင်းဆောင်ကို သရော်တာဆိုတဲ့ အမြင်တွေနဲ့ ဆိုရှယ်မီဒီယာမှာ လူအများစုက ရေးသားကန့်ကွက်ခဲ့ကြတာ တွေ့ရပါတယ်။
အနုပညာရှင်တယောက်က “လုပ်ပြီးရင် တောင်းပန်တာ သူလုပ်နေကြပါ။ နာမည်ရတဲ့သူတယောက်က ဘာလုပ်လုပ် စဉ်းစား ချင့်ချိန် သုံးသပ်ရပါ့မယ်။ သူ့ကို မုန်းလို့ပြောတာ မဟုတ်ပါဘူး။ ငွေမျက်နှာတခုတည်း မကြည့်ဖို့နဲ့ ကိုယ်က အနုပညာရှင်ဖြစ်လို့ အခုလိုကာလမှာ အထူးသတိထားသင့်တာကို ပြောတာ” လို့ ပြောပါတယ်။
ဒီဇင်ဘာ ၂၅ ရက် မနက်ပိုင်းမှာ အဲဒီဗီဒီယိုကို ဖြူဖြူထွေးက သူ့ရဲ့ပေ့ချ်ကနေ ဖြုတ်ချခဲ့ပြီး ဒီဇင်ဘာ ၂၅ ရက် နေ့လယ်ပိုင်းမှာတော့ ဖြူဖြူထွေးနဲ့ ဇာတ်ညွှန်းရေးဆရာ ဆိုသူက သူတို့ ဘယ်သူ့ကိုမှ စော်ကားလိုစိတ် မရှိခဲ့ဘဲ ရိုးရိုးသားသား ရိုက်ကူးခဲ့တယ်ဆိုပြီး တောင်းပန်စကားပြောထားတဲ့ ဗီဒီယိုကို ဖြူဖြူထွေးပေ့ချ်ကနေ တင်ပြီး တောင်းပန်စကား ဆိုခဲ့ပါတယ်။
ဒါ့အပြင် ဆယ်လီ ဖြူဖြူထွေးရဲ့ အခုလိုလုပ်ရပ်ကို ခွင့်လွှတ်မပေးတော့ကြောင်း Black Hero UG PDF ဆိုတဲ့ အဖွဲ့က ထုတ်ပြန်တဲ့စာတစောင်လည်း ဒီဇင်ဘာ ၂၅ ရက်က စတင်ပြီး လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ပျံ့နှံ့နေတာ တွေ့ ရပါတယ်။