DVB Logo
Home
နိုင်ငံတကာ
လူပေါင်း ၂ သိန်း ကျော် သေဆုံးခဲ့ရသည့် ဆူနာမီ နှစ် ၂၀ ပြည့် အောက်မေ့ဖွယ်အခမ်းအနားများ အာရှတလွှား ကျင်းပ
DVB
·
December 26, 2024
လူပေါင်း ၂ သိန်း ကျော် သေဆုံးခဲ့ရသည့် ဆူနာမီ နှစ် ၂၀ ပြည့် အောက်မေ့ဖွယ်အခမ်းအနားများ အာရှတလွှား ကျင်းပ
Donate to DVB

လူသားသမိုင်းမှာ အဆိုးဝါးဆုံး သဘာဝဘေးအန္တရာယ်တွေထဲက တခုဖြစ်ပြီး မြန်မာနိုင်ငံသားတွေ အပါအဝင် လူပေါင်း ၂၂၀,၀၀၀ ကျော်သေဆုံးခဲ့ရတဲ့ ဆူနာမီငလျင်ရေလှိုင်း ဘေးဒဏ်ခံရတဲ့ နှစ် ၂၀ ပြည့် အောက်မေ့ဖွယ် အခမ်းအနားတွေကို ဒီကနေ့ ဒီဇင်ဘာ ၂၆ ရက်မှာ အာရှတဝန်း ထိခိုက်ခံစားခဲ့ရတဲ့ နိုင်ငံတွေမှာ ကျင်းပကြပါတယ်။

၂၀၀၄ ခုနှစ်၊ ဒီဇင်ဘာ ၂၆ ရက်က အင်ဒိုနီးရှားနိုင်ငံ အနောက်ဘက်ခြမ်းမှာ ရစ်ချ်တာစကေး ၉ ဒသမ ၁ အဆင့်ရှိ မြေငလျင်တခု လှုပ်ခတ်ခဲ့ပြီး အိန္ဒိယသမုဒ္ဒရာ ကမ်းရိုးတန်းဒေသ ၁၄ နိုင်ငံကို ဆူနာမီလှိုင်းလုံးကြီးတွေ ရိုက်ခတ်ခဲ့ပါတယ်။

လူပေါင်း တသိန်းကျော် သေဆုံးခဲ့ရတဲ့ အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်မှာ ဘိုင်တူရာမန် ဗလီကြီးကနေ ၃ မိနစ်ကြာ သတိပေးချက် ထုတ်လွှင့်ခဲ့ကာ အစ္စလာမ်ဘာသာဝင်တွေရဲ့ ဆုတောင်းမေတ္တာပို့သပွဲနဲ့အတူ အထိမ်းအမှတ် အခမ်းအနားတွေ စတင်ခဲ့ပါတယ်။

ပြည်နယ်မြို့တော် ဘန်ဒါအာချေးက စုပေါင်းသင်္ချိုင်းမှာ အခမ်းအနားတရပ်နဲ့ စုပေါင်းဆုတောင်းပွဲတွေ ပြုလုပ်ခဲ့သလို သီရိလင်္ကာ၊ အိန္ဒိယနဲ့ ထိုင်းနိုင်ငံတို့မှာလည်း ကမ်းခြေအထိမ်းအမှတ်ပွဲတွေနဲ့ ဘာသာရေးအခမ်းအနားတွေ ကျင်းပသွားမှာ ဖြစ်ပါတယ်။

အမြင့် မီတာ ၃၀ အထိရှိတဲ့ လှိုင်းလုံးတွေကြောင့် သေဆုံးခဲ့ရသူတွေထဲမှာ ခရစ္စမတ်ကာလ အပန်းဖြေနေတဲ့ နိုင်ငံခြားခရီးသွားတွေလည်း ပါဝင်ခဲ့ပါတယ်။

၂၀၀၄ ခုနှစ်၊ ဒီဇင်ဘာ ၂၆ ရက်က အင်ဒိုနီးရှားအနောက်ဘက် ကမ်းရိုးတန်းအလွန်မှာ ပြင်းအား ၉ ဒသမ ၁ အဆင့်ရှိ အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့မှုကြောင့် သမုဒ္ဒရာကြမ်းပြင် ကွဲအက်သွားပြီး  ၉၈ ပေ အမြင့်ရှိတဲ့ ဆူနာမီလှိုင်းလုံးကြီးတွေဟာ ဂျပန်ကျည်ဆန်ရထားထက် အမြန်နှုန်းထက် ၂ ဆရှိတဲ့ အရှိန်အဟုန်နဲ့ အိန္ဒိယသမုဒ္ဒရာ ကမ်းရိုးတန်းတလျောက်ရှိ နိုင်ငံတွေကို ဝင်ရောက် ရိုက်ခတ်ခဲ့တဲ့အတွက် လူပေါင်း ၂၂၆,၄၀၀ ကျော် သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။

ဆူနာမီ လာမယ့်အကြောင်း ကြိုတင်သတိပေးချက် မရှိခဲ့တာကြောင့် တိုက်ကြီးတွေကို ရိုက်ခတ်တဲ့ လှိုင်းလုံးတွေကြားမှာ နာရီပေါင်းများစွာ ကြာခဲ့ပေမဲ့ အချိန်မီ ရှောင်တိမ်းဖို့ မဖြစ်နိုင်ခဲ့ပါဘူး။ ဒါပေမဲ့ အခုအချိန်မှာတော့ ခေတ်မီ စောင့်ကြည့်စခန်းတွေကြောင့် သတိပေးချိန် လျော့နည်းသွားပါပြီ။

အင်ဒိုနီးရှားနိုင်ငံဟာ အများဆုံး ထိခိုက်ခဲ့ပြီး အနောက်ဘက်ကမ်းရိုးတန်းတလျှောက် လူပေါင်း ၁၆၀,၀၀၀ ကျော် သေဆုံးခဲ့ပါတယ်။

“နောက်တခါ ဒီလိုမျိုး မကြုံရတော့ဘူးလို့ မျှော်လင့်ပါတယ်”လို့ သားနဲ့ မိခင်ကို ဆုံးရှုံးခဲ့ရတဲ့ အသက် ၆၀ အရွယ် အိမ်ရှင်မ နီလာဝါတီက ပြောပါတယ်။

“ကလေးတယောက်ကို ဆုံးရှုံးရတဲ့ နာကျင်မှုဟာ စကားလုံးနဲ့ မဖော်ပြနိုင်ပါဘူး။ မနေ့ကမှ ဖြစ်ခဲ့သလိုပဲ ခံစားရပါတယ်။ သတိရတိုင်း ခန္ဓာကိုယ်ထဲက သွေးတွေ ခန်းခြောက်သွားသလိုပါပဲ” လို့ အခမ်းအနားတက်ရောက်လာသူက ပြောပါတယ်။

ဒီဘေးဒဏ်ကြောင့် အာချေးမှာ ဆယ်စုနှစ်များစွာ ဖြစ်ပွားနေတဲ့ ခွဲထွက်ရေးပဋိပက္ခကို အဆုံးသတ်စေခဲ့ပြီး တနှစ်အတွင်းမှာပဲ သူပုန်တွေနဲ့ ဂျာကာတာအစိုးရကြား ငြိမ်းချမ်းရေး သဘောတူညီချက် ရရှိခဲ့ပါတယ်။

သီရိလင်္ကာမှာ လူပေါင်း ၃၅,၀၀၀ ကျော် သေဆုံးခဲ့ရပြီး ရထားတစီး လမ်းချော်သွားကာ သေဆုံးခဲ့ရတဲ့ လူပေါင်း ၁,၀၀၀ ခန့်ကို အထိမ်းအမှတ်ပြုဖို့ မိသားစုဝင်တွေနဲ့ အသက်ရှင်ကျန်ရစ်သူတွေ စုဝေးခဲ့ကြပါတယ်။

အောက်မေ့ဖွယ်အခမ်းအနား တက်ရောက်တဲ့သူတွေဟာ  ပြန်လည်ပြုပြင်ထားတဲ့ Ocean Queen Express ရထားပေါ်တက်ပြီး ကိုလံဘိုမြို့ရဲ့ တောင်ဘက် ၉၀ ကီလိုမီတာအကွာ ပါရာလီယာမြို့က ရထားလမ်းချော်တဲ့နေရာကို သွားရောက်ခဲ့ကြပါတယ်။

သေဆုံးသူတွေရဲ့ မိသားစုဝင်တွေနဲ့အတူ ဘာသာရေးအခမ်းအနားတရပ် ကျင်းပမှာဖြစ်သလို ဗုဒ္ဓဘာသာ၊ ဟိန္ဒူဘာသာ၊ ခရစ်ယာန်နဲ့ အစ္စလာမ်ဘာသာဝင်တွေရဲ့ အခမ်းအနားတွေကိုလည်း ကျွန်းနိုင်ငံတဝန်း ကျင်းပသွားမှာပါ။

ထိုင်းနိုင်ငံမှာ သေဆုံးသူ ၅,၀၀၀ ကျော်ထဲက ထက်ဝက်ကျော်ဟာ နိုင်ငံခြားခရီးသွားတွေ ဖြစ်ပြီး အစိုးရရဲ့ အထိမ်းအမှတ် အခမ်းအနားအပြင် တရားဝင်မဟုတ်တဲ့ အခမ်းအနားတွေလည်း ရှိမယ်လို့ မျှော်လင့်ရပါတယ်။

ဖန်ငခရိုင်က ဟိုတယ်တခုမှာ ဆူနာမီပြပွဲ၊ မှတ်တမ်းရုပ်ရှင်ပြသမှုနဲ့ သဘာဝဘေးအန္တရာယ် ကြိုတင်ပြင်ဆင်မှုနဲ့ ခံနိုင်ရည်ရှိရေး အစီအမံတွေအကြောင်း အစိုးရနဲ့ ကုလသမဂ္ဂအဖွဲ့တွေက မိတ်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

“ကျနော်ရဲ့ သားသမီးတွေ၊ ဇနီး၊ အဖေ၊ အမေနဲ့ မောင်နှမတွေ အားလုံး ရေနဲ့အတူ ပါသွားခဲ့ကြတယ်” လို့ အသက် ၇၀ အရွယ် အင်ဒိုနီးရှားတံငါသည် ဘာဟာရူဒင် ဇိုင်နွန်က ပြောပါတယ်။

“တခြားသူတွေလည်း အတူတူပါပဲ။ ကျနော်တို့အားလုံး အတူတူပဲ ခံစားခဲ့ကြရတယ်” လို့ ဖြစ်ရပ်မှာ အသက်ရှင်ကျန်ရစ်သူတယောက်က ပြောပါတယ်။

ဆူနာမီလှိုင်းကြီးတွေဟာ အင်ဒိုနီးရှားနိုင်ငံကနေ အာဖရိကတိုက် အရှေ့ဖျားက ဆိုမာလီယာနိုင်ငံအထိ နိုင်ငံပေါင်း ၁၄ နိုင်ငံကို ဝင်ရောက် ရိုက်ခတ်ခဲ့တာဖြစ်ပြီး ဆူနာမီရဲ့ဒဏ်ကို အဆိုးဝါးဆုံးခံစားခဲ့ရတဲ့ အင်ဒိုနီးရှား၊ သီရိလင်္ကာ၊ အိန္ဒိယနဲ့ ထိုင်းနိုင်ငံတို့မှာ နှစ် ၂၀ ပြည့် အောက်မေ့ဖွယ် အခမ်းအနားနဲ့ သေဆုံးခဲ့ရသူတွေအတွက် သက်ဆိုင်ရာ ကိုးကွယ်ယုံကြည်မှုအရ ဆုတောင်းပွဲတွေကို ဒီကနေ့မှာ ပြုလုပ်ပါတယ်။

အင်အားပြင်းငလျင် လှုပ်ခတ်မှု နောက်ဆက်တွဲအနေနဲ့ နာရီပိုင်းအတွင်း ဆူနာမီလှိုင်းကြီးတွေ ဖြစ်ပေါ်ခဲ့တာ၊ ဆူနာမီသတိပေးချက် ထုတ်ပြန်နိုင်ခြင်းမရှိတာ၊ ဘေးလွတ်ရာကို ကယ်ဆယ်ရွှေ့ပြောင်းချိန် မရလိုက်တာတွေကြောင့် အင်ဒိုနီးရှားနိုင်ငံရဲ့ အနောက်ဘက် ကမ်းရိုးတန်းဒေသတလျှောက်မှာ လူပေါင်း ၁၆၀,၀၀၀ ကျော်အထိ အသက်ဆုံးရှုံးခဲ့ရပါတယ်။ 

ကြေကွဲဖွယ် ဖြစ်ရပ်ဆိုးကြီးမှာ သားဖြစ်သူနဲ့ မိခင်ကိုဆုံးရှုံးခဲ့ရတဲ့ အသက် ၆၀ အရွယ် အင်ဒိုနီးရှား အိမ်ထောင်ရှင်မကြီးတယောက် “ကိုယ့်ရဲ့ ရင်နှစ်သည်းချာ သားသမီးတယောက်ကို ဆုံးရှုံးလိုက်ရတဲ့ မိခင်တယောက်ရဲ့ ပူဆွေးသောကကို စကားလုံးတွေနဲ့ ဖော်ပြလို့ ရနိုင်မှာမဟုတ်ပါဘူး။ ပြန်လည်အမှတ်ရမိတိုင်း မနေ့တနေ့ကလိုပဲ စိတ်ထဲမှာ ခံစားရတယ်။ လူတိုင်း ဒီလိုအဖြစ်ဆိုးမျိုးနဲ့ နောက်ဘယ်တော့မှ ထပ်မကြုံရဖို့ မျှော်လင့်ပါတယ်”လို့ ပြောပါတယ်။

အသက်ဘေးကနေ လွတ်မြောက်လာတဲ့ အသက် ၇၀ အရွယ် အင်ဒိုနီးရှားတံငါသည်ကြီး တဦးကလည်း သူ့ရဲ့ မိဘနှစ်ပါးစလုံးအပါအဝင် ဇနီးသည်၊ သားသမီးတွေနဲ့ မွေးချင်းမောင်နှမတွေအားလုံး ဆူနာမီလှိုင်းထဲမှာ မျောပါသွားခဲ့တယ်လို့ ပြောပါတယ်။ 

သီရိလင်္ကာနိုင်ငံမှာလည်း ဆူနာမီကြောင့် လူပေါင်း ၃၅,၀၀၀ ကျော်အထိ သေဆုံးခဲ့ရပါတယ်။ မြို့တော် ကိုလံဘိုရဲ့ တောင်ဘက် ၅၆ မိုင်အကွာလောက်မှာ ဆူနာမီကြောင့် ခရီးသည်တင်ရထားတစီး လမ်းချော်တိမ်းမှောက်ခဲ့ပြီး လူပေါင်း ၁၀၀၀ ဝန်းကျင် သေဆုံးခဲ့ရတဲ့နေရာမှာလည်း သေဆုံးသူတွေရဲ့ မိသားစုဆွေမျိုးတွေနဲ့ အသက်ဘေးကနေ လွတ်မြောက်ခဲ့သူတွေ စုဝေးပြီး အောက်မေ့သတိရ ဆုတောင်းပွဲ ပြုလုပ်ခဲ့ပါတယ်။

အလားတူ ထိုင်းနိုင်ငံမှာလည်း ထောင်နဲ့ချီတဲ့မြန်မာရွေ့ပြောင်းလုပ်သားတွေအပါအဝင် လူပေါင်း ၅,၀၀၀ ကျော် သေဆုံးခဲ့ရပြီး အဲဒီထဲက ထက်ဝက်ဟာ နိုင်ငံခြားသား ခရီးသွားတွေ ဖြစ်ပါတယ်။ ဆူနာမီ သဘာဝဘေးကျရောက်မှု နှစ် ၂၀ ပြည့်အထိမ်းအမှတ်အနေနဲ့ ဖန်သခရိုင်က ဟိုတယ်တခုမှာ ဆူနာမီပြပွဲ ပြုလုပ်သွားမှာဖြစ်ပြီး ဆူနာမီ မှတ်တမ်းရုပ်ရုင်အပြင် သဘာဝဘေး ကြိုတင်ပြင်ဆင်ရေးနဲ့ တုံ့ပြန်နိုင်ရေး ဆောင်ရွက်ချက်တွေကိုလည်း မိတ်ဆက် ပြသသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဆူနာမီကြောင့် ဆိုမာလီယာနိုင်ငံမှာ လူ ၃၀၀ နီးပါး သေဆုံးခဲ့သလို မော်လဒိုက်မှာ လူ ၁၀၀ ကျော်၊ မလေးရှားနဲ့ မြန်မာနိုင်ငံမှာလည်း လူဒါဇင်ချီ သေဆုံးခဲ့ရပါတယ်။

Source: Bangkok Post

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013