
ရုရှားသမ္မတ ဗလာဒီမာပူတင်ရဲ့ မဟာမိတ်ဖြစ်တဲ့ ရုရှားလွှတ်တော်ဥက္ကဋ္ဌဟာ ယူကရိန်း ပဋိပက္ခမှာ ရုရှားအစိုးရကို ကူညီဖို့အတွက် မြောက်ကိုရီးယား တပ်ဖွဲ့ဝင်တွေ တပ်ချထားမှု အောက်မေ့ဖွယ် အခမ်းအနားကိုတက်ဖို့ ဧပြီ ၂၅ ရက်မှာ မြောက်ကိုရီးယားကို ရောက်လာတယ်လို့ ရုရှားအခြေစိုက် တက်စ် Tass သတင်းဌာနက ဖော်ပြပါတယ်။
ရုရှား ဒူးမားလွှတ်တော်ဥက္ကဋ္ဌ ဗယာချက်စလာ့ဗ် ဗိုလိုဒင်ကို မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းရဲ့ အနီးကပ် နိုင်ငံရေးလူယုံနဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဂျိုယောင်ဝမ်က ကြိုဆိုခဲ့ပါတယ်။
ဗိုလိုဒင်ဟာ ၁၉၄၅ ခုနှစ်မှာ ဂျပန် ကိုလိုနီအုပ်ချုပ်မှု လက်အောက်ကနေ ကိုရီးယား လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်ခဲ့တဲ့ ဆိုဗီယက်စစ်သားတွေကို အောက်မေ့ဖွယ် အခမ်းအနားအတွင်း ဂုဏ်ပြုခဲ့ပါတယ်။
ရုရှားတပ်ဖွဲ့တွေနဲ့အတူ ယူကရိန်းကို တိုက်ခိုက်ဖို့ မြောက်ကိုရီးယားက ခန့်မှန်းခြေအားဖြင့် တပ်ဖွဲ့ဝင် ၁၄,၀၀၀ စေလွှတ်ခဲ့တာပါ။
တပ်ဖွဲ့ဝင် ၆,၀၀၀ ကျော် သေဆုံးခဲ့တယ်လို့ တောင်ကိုရီးယား၊ ယူကရိန်းနဲ့ အနောက်တိုင်းအရာရှိတွေက ပြောပါတယ်။
မြောက်ကိုရီးယား ခေါင်းဆောင်ကင်မ်ဂျုံအန်းနဲ့ ရုရှားသမ္မတ ပူတင်တို့ဟာ ၂၀၂၄ ခုနှစ် ဇွန်လမှာ တွေ့ဆုံခဲ့ပြီး အပြန်အလှန် ကာကွယ်ရေး သဘောတူညီချက်ပါတဲ့ ဘက်စုံမဟာဗျူဟာမြောက် စာချုပ်တရပ်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။
နှစ်နိုင်ငံကြားမှာ ၂၀၂၃ ခုနှစ်ကစပြီး သံတမန်ရေးနဲ့ စစ်ရေးဆက်ဆံရေးက အလျင်အမြန် ဖွံ့ဖြိုးတိုးတက်ခဲ့ပါတယ်။
Source: Reuters










