DVB Logo
Home
မြန်မာသတင်း
တရုတ်နိုင်ငံသား စက်ရုံပိုင်ရှင်ကို အရေးယူပေးရန် တိုင်တန်းမှု မြို့နယ်အလုပ်သမားရုံးက ငြင်းပယ်
DVB
·
December 25, 2024
တရုတ်နိုင်ငံသား စက်ရုံပိုင်ရှင်ကို အရေးယူပေးရန် တိုင်တန်းမှု မြို့နယ်အလုပ်သမားရုံးက ငြင်းပယ်
Donate to DVB

အလုပ်သမားအား ကိုယ်ထိလက်ရောက် ကျူးလွန်တဲ့ အင်းစိန်မြို့နယ်မှ Golden Colour Fashion အထည်ချုပ်စက်ရုံပိုင်ရှင် တရုတ်နိုင်ငံသားကို အရေးယူပေးဖို့ တိုင်တန်းခဲ့ပေမဲ့ မြို့နယ်အလုပ်သမားညွှန်ကြားရေးဦးစီးဌာန (အလည)၊ ဦးစီးမှူး (လက်ထောက်ညွှန်ကြားရေးမှူး) က ငြင်းဆန်ခဲ့တယ်လို့ အလုပ်သမားတွေကို ကူညီဆောင်ရွက်ပေးနေတဲ့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ်က ထုတ်ပြန်ပါတယ်။

စက်လိုင်းစာရေး အမျိုးသမီးလုပ်သားက ဒီဇင်ဘာ ၂၀ ရက်မှာ HR ရုံးခန်းအတွင်း အလုပ်ဆင်းတဲ့ လူစာရင်း တင်ပြခဲ့ပြီး ဖိုင်တွဲဖို့အတွက် စာရွက်ဖောက်စက် မတွေ့လို့ စားပွဲတွေပေါ် လိုက်လံရှာဖွေရာ မန်နေဂျာ ဆိုသူက အနားကို လာမရှာဖို့နဲ့ လိုချင်တာကို အပြင်ကနေ တောင်းဆိုပြီး အော်ဟစ်ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီလို အချေအတင်ပြောဆိုနေစဉ် စကားပြန်မှ တရုတ်သူဌေးအား သွားရောက်ခေါ်လာခဲ့ပြီး သူဌေးက စကားပြန်မှတဆင့် တရုတ်ဘာသာနဲ့ စက်ရုံ အခုချက်ချင်း ထွက်သွားဖို့ ပြောသလို  ကိုယ်ထိလက်ရောက် တွန်းထုတ်တာ၊ ရုံးခန်း ပြင်ပဆီ ဆောင့်ဆွဲခေါ်တာမျိုး ပြုမူခဲ့တယ်လို့ STUM က ဆိုပါတယ်။

အဲဒီလိုလုပ်ငန်းရှင် နိုင်ငံခြားသားက အလုပ်သမား ဝန်ထမ်းကို ရုံးခန်းအတွင်းမှ ကြမ်းတမ်းစွာ ဆွဲထုတ်ခဲ့တဲ့ ကိစ္စနဲ့ပတ်သက်လို့ မြို့နယ်အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနဆီ သွားရောက်တိုင်ကြားခဲ့ပေမဲ့ ထိရောက်စွာ အရေးယူမှု မလုပ်ပေးနိုင်ဘူးလို့ လက်ထောက်ညွှန်ကြားရေးမှူး ဆိုသူက ဒီဇင်ဘာ ၂၃ ရက်မှာ ပြောခဲ့တယ်ဆိုပြီး STUM ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လက်ထောက်ညွှန်ကြားရေးမှူးက “ဥပေဒအရ ထိရောက်စွာ အရေးယူရမယ်လို့ ပါပေမယ့် ဦးစီးကိုယ်တိုင် အမှုဖွင့် တိုင်ကြားရမယ်လို့ မပါဘူး။ ဒီတော့ အလုပ်ရှင်ကို နောက်မလုပ်ဖို့ ခံဝန်ထိုးခိုင်းတာမျိုးပဲ ညှိနှိုင်းပေးနိုင်မယ်။ အပြင်ရဲစခန်းမှာ တခြားပုဒ်မတွေနဲ့ တိုင်မယ် ဆိုရင်လည်း ရုံးချိန်း သုံးကြိမ်ခေါ်ပြီးတော့ စာထုတ်ပေးမယ်။ နောက်ပြီး ဘယ်လို အရေးယူမလဲ ဆိုတာကို အထက်ကို စာတင်ပေးမယ်” လို့ ပြောကြောင်း STUM ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြဿနာ ဖြစ်တဲ့နေ့ကလည်း စကားပြန် ဆိုသူက “ကြိုက်တဲ့နေရာ သွားတိုင်၊ ကြိုက်တဲ့အကောင်ကို ခေါ် ၊ ကြိုက်တဲ့နေရာမှာ ရှင်းမယ်" ဆိုပြီး ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

လုပ်ငန်းရှင်ဆိုသူ အနေနဲ့ ဝန်ထမ်းအပေါ် အခုလို ဆက်ဆံပြုမူတာဟာ အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ် (EC) ပါ ပုဒ်မ-၁၇(က) နဲ့ နောက်ဆက်တွဲ-က၊ ၁၂ အား ချိုးဖောက်ရာ ရောက်သလို အလုပ်သမားရဲ့ ဂုဏ်သိက္ခာထိခိုက်အောင် ကိုယ်ထိလက်ရောက်ပြုမူတာက အမျိုးသမီးများအား နိုင့်ထက်စီးနင်းပြုမူတာ ဖြစ်တယ်လို့ ရှုမြင်တယ်လို့ STUM က ထုတ်ပြန်ပါတယ်။

အဲဒီလို ချိုးဖောက်မှုတွေအပေါ် ထိရောက်စွာ အရေးယူပေးနိုင်ခြင်းမရှိတဲ့ အင်းစိန်မြို့နယ် အ.လ.ည တာဝန်ရှိသူဆိုအား STUM အနေနဲ့ မှတ်တမ်းတင်သွားမှာဖြစ်ပြီး နစ်နာသူ ဝန်ထမ်းကို  ဥပေဒအရ လိုအပ်တာတွေကို ဆက်လက်ကူညီပေးသွားမယ်လို့ STUM တာဝန်ရှိသူတယောက်က ပြောပါတယ်။

Golden Colour Fashion အထည်ချုပ်စက်ရုံမှာ လစာ အချိန်မီမပေးတာ၊ အချိန်ပို မတန်တဆ ခိုင်းစေတာအပြင် အလုပ်သမားတွေအပေါ်ဖိနှိပ်ဆက်ဆံတာတွေကြောင့် လုပ်ငန်းခွင်အတွင်း မကြာခဏ အငြင်းပွားမှု ဖြစ်လေ့ရှိတယ်လို့ သတင်းတွေအရ သိရပါတယ်။

ဒါ့အပြင် အောက်တိုဘာလကတည်း စက်ရုံအတွင်း အလုပ်သမားသမဂ္ဂဖွဲ့ဖို့ သဘောတူညီချက် လက်မှတ် စုဆောင်းထားတဲ့ စာရွက်တွေကို မြို့နယ်အလုပ်သမားရုံးဦးစီးမှူးတွေ ကိုယ်တိုင်က စက်ရုံထဲမှာတင် ဆွဲဖြဲလွှင့်ပစ်ခဲ့တဲ့ ဖြစ်ရပ်လည်း ရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013