
ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးမှာ အရေးပါတဲ့ အကောက်ခွန်ဦးစီးဌာနရုံးသစ်ကြီးတခုကို ကရင်ပြည်နယ်၊ မြဝတီမြို့တဖက်ကမ်း မဲဆောက်မြို့၊ သာဆိုင်းလွတ် ရပ်ကွက် ၇ မှာ ထိုင်းအစိုးရ က ဇူလိုင် ၂၄ ရက် ဒီနေ့မနက်က တရားဝင် ဖွင့်လှစ်လိုက်ပါတယ်။
အဆိုပါရုံးကို မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား အမှတ် ၂ ရဲ့ မြောက်ဘက်မှာ ကုန်ကျစရိတ်အနေနဲ့ ဘတ်ငွေ သန်း ၃၉၄ သန်း အကုန်အကျခံ တည်ဆောက်ထားတာဖြစ်ပါတယ်။
ဒီရုံးကနေ မြန်မာနိုင်ငံနဲ့ နယ်စပ်ကုန်သွယ်းရေး စီးပွားရေးဆိုင်ရာ ကုန်စည်စီးဆင်းမှုတွေနဲ့အတူ ထိုင်းနိုင်ငံအတွင်းရှိ တာ့ခ်ခရိုင်၊ နခွန်စဝမ်ခရိုင်၊ သုခိုထိုင်းခရိုင်၊ ကံဖဲင်းဖက်ခရိုင်နဲ့ ဥထိုင်းဌာနီခရိုင် အပါအဝင် ခရိုင် ၆ ခုကိုလည်း မဲဆောက်မြို့ အခွန်ဦးစီးဌာနက ထိန်းချုပ်ကာ အခွန်ကိစ္စရပ်တွေ ကို ဆောင်ရွက်သွားမယ်လို့ ထိုင်းအာဏာပိုင်တွေဘက်က ပြောပါတယ်။
မြန်မာ-ထိုင်းနယ်စပ်မှာ ၂၀၂၅ ခုနှစ်အတွင်း ဘတ် ၁၉၁,၂၃၇.၇၃ သန်းတန်ဖိုးရှိ ကုန်စည်တွေ အရောင်းအဝယ်ရှိခဲ့ပြီး မဲဆောက်မြို့ အခွန်ဦးစီးဌာနရုံးအနေနဲ့ ဝင်ငွေအခွန် ဘတ် ၁၄၉,၃၆၈ သန်း ရရှိအောင် ဆောင်ရွက်နိုင်ခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာ ထိုင်းကုန်စည်တွေကို မြန်မာပြည်ဘက်ကနေ တရားဝင်တင်သွင်းခွင့် ပိတ်ပင်ထားပေမဲ့ ထိုင်းအခွန်ဌာနဘက်ကတော့ ခွင့်ပြုချက်ပေးထားလို့ ကုန်စည်တွေ မြန်မာဘက်ကို နည်းလမ်း ပေါင်းစုံနဲ့ သွားနေတာကို မြင်တွေ့ရပါတယ်။











