
ဆွစ်ဇာလန်နိုင်ငံအလယ်ပိုင်း အန်းဂဲလ်ဘာ့ဂ်ရှိ နှင်းလျှောစီးအပန်းဖြေစခန်းတခုမှာ မတ် ၁၈ ရက်က လေပြင်းတိုက်ခတ်မှုကြောင့် ကေဘယ်ကား ဂွန်ဒိုလာတစီး တောင်စောင်းပေါ်ကို ပြုတ်ကျခဲ့ပြီး လူတယောက် သေဆုံးသွားပါတယ်။
ဒေသစံတော်ချိန် မနက် ၁၁ နာရီဝန်းကျင်လောက်မှာ ထရူးဘ်စီ ဧရိယာမှာ ကေဘယ်ကား ပြုတ်ကျတဲ့သတင်းကို ရရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဆေးနာ့ဒ် ဆားကစ်ချ်က ပြောပါတယ်။
အန်းဂဲလ်ဘာ့ဂ်ကနေ စတန်းဒ်ကို ဦးတည်မောင်းနှင်နေတဲ့ တစ်တ်လစ် အိပ်က်စ်ပရက်စ် ကေဘယ်လ်ကားလမ်းကြောင်းပေါ်ရှိ ကားတွဲတတွဲဟာ ထရူးဘ်စီ ဘူတာအလွန်မှာ ရှလက်ချ်တစ်စ်မတ်ထ် နယ်မြေအတွင်းကို ပြုတ်ကျသွားခဲ့ပြီး တောင်စောင်းပေါ်ကနေ အကြိမ်ပေါင်းများစွာ လိမ့်ဆင်းသွားခဲ့တယ်လို့ ဆိုပါတယ်။
မတော်တဆမှုဖြစ်ပွားချိန်မှာ ဂွန်ဒိုလာအတွင်းမှာ လူတယောက်တည်းသာ ပါရှိခဲ့ပြီး အဲဒီသူဟာ ရရှိထားတဲ့ ဒဏ်ရာတွေနဲ့ သေဆုံးသွားခဲ့တာ ဖြစ်ပေမဲ့ သေဆုံးရတဲ့ အကြောင်းရင်းကို အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။
မတော်တဆဖြစ်စဉ် ဖြစ်ပွားပြီးနောက် အခင်းဖြစ်ပွားရာနေရာ အန်းဂဲလ်ဘာ့ဂ် စကီးအပန်းဖြေစခန်းကို လေကြောင်းကယ်ဆယ်ရေးအဖွဲ့က ရဟတ်ယာဉ်တစင်း စေလွှတ်ခဲ့ပါတယ်။
အခုမတော်တဆမှုကြောင့် ကေဘယ်လ်ကားပြေးဆွဲမှုအားလုံးကို ရပ်ဆိုင်းခဲ့ရပြီး တခြားကားတွဲတွေ အတွင်းရှိ ခရီးသည်တွေကိုလည်း ဘေးကင်းရာ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။
လက်ရှိမှာ မတော်တဆမှု ဖြစ်ပွားရတဲ့ အကြောင်းရင်းကို အသေးစိတ် စုံစမ်းစစ်ဆေးနေတယ်လို့ နိဒ်ဗယ်လ်ဒန် ပြည်နယ်ရဲတပ်ဖွဲ့က ပြောပါတယ်။
Source: Reuters










