DVB Logo
Home
မြန်မာသတင်း
ခရစ္စမတ်ပွဲတော်ကို တိုင်းရင်းသားစစ်ဘေးရှောင်များ စိုးရိမ်စိတ်ဖြင့် ဖြတ်သန်း
DVB
·
December 24, 2024
ခရစ္စမတ်ပွဲတော်ကို တိုင်းရင်းသားစစ်ဘေးရှောင်များ စိုးရိမ်စိတ်ဖြင့် ဖြတ်သန်း
Donate to DVB

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ဘက်က ချင်းစစ်ဘေးရှောင်တွေဟာ မိမိတို့နေထိုင်ကြတဲ့ စစ်ရှောင်စခန်းတွေမှာ ခရစ္စမတ်ပွဲတော်ကို ကျင်းပဖို့ ပြင်ဆင်နေကြပြီး လာမယ့်နှစ်မှာ အိန္ဒိယအစိုးရရဲ့ မူဝါဒအပြောင်းအလဲကြောင့် အခက်အခဲတွေဖြစ်လာမှာကို စိုးရိမ်နေကြပါတယ်။

ချင်းပြည်နယ် မြို့နယ်အနှံ့ကနေ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ဘက်ကို စစ်ဘေးတိမ်းရှောင်နေကြရတဲ့ ခရစ်ယာန်ဘာသာဝင်တွေဟာ အခုနှစ်  ခရစ္စမတ်ပွဲတော်ကို မိမိတို့နေထိုင်တဲ့ စစ်ရှောင်စခန်း အသီးသီးမှာ ကျင်းပဖို့ ပြင်ဆင်နေကြပါတယ်။

ခရစ္စမတ်ပွဲတော်ဟာ ခရစ်ယာန်ဘာသာဝင်တွေအတွက် အထွတ်အမြတ်ပွဲတော်တခုဖြစ်ပြီး ဘာသာဝင်တိုင်း မဖြစ်မနေကျင်းပလေ့ရှိတယ်လို့ သင်းအုပ်ဆရာ ပီတာက ပြောပါတယ်။

“ခရစ္စမတ်ရဲ့ အဓိပ္ပာယ်က သခင်ခရစ်တော်က ဒီလောကမှာ ကြွလာရခြင်း အဓိကက လောကလူသားအားလုံး ကယ်တင်ရှင်ဖြစ်နေတယ်။ လူသားတွေကို ကယ်တင်ဖို့ရန်အတွက် ခရစ်တော်က ကြွလာရခြင်းဖြစ်တယ်။ အဲဒီအတွက် လောကလူသားမှာ လူမျိုးဘာသာမရွေး ခရစ်တော်က အားလုံးကိုချစ်တယ်၊ ဘုရားရဲ့မေတ္တာဟာ ကျနော်တို့အတွက် ကောင်းမြတ်တယ်၊ မွန်မြတ်တယ် ဆိုတဲ့ဟာကို ကျေးဇူးတော်ချီးမွမ်းတဲ့အနေနဲ့ ပြုလုပ်ရခြင်းဖြစ်ပါတယ်။”

စစ်ဘေးရှောင်ပြည်သူတွေဟာ မိမိတို့ဒေသမဟုတ်တဲ့‌နေရာမှာ ခရစ္စမတ်ပွဲတော်ကို ကျင်းပရတဲ့အတွက် ငွေကြေးမပြည့်စုံတာနဲ့ နေရာအခက်အခဲတွေ ကြုံနေရတယ်လို့ ပြောပါတယ်။

ချင်းပြည်နယ်ထဲမှာ တိုက်ပွဲတွေဖြစ်ပွားတာနဲ့ စစ်ရှောင်စခန်းမှာ နေထိုင်ရတဲ့ အခက်အခဲတွေကြောင့် ခရစ္စမတ်ပွဲတော်ကို အပြည့်အဝ မပျော်နိုင်ကြဘူးလို့လည်း စစ်ဘေးရှောင်တွေက ပြောပါတယ်။

အရင် နိုင်ငံရေးအခြေအနေကောင်းစဉ်က ခရစ္စမတ်ပွဲတော်ကို မိသားစုစုံစုံလင်လင်နဲ့ ပျော်ပျော်ရွှင်ရွှင် ကျင်းပနိုင်ပေမဲ့ ဒီနှစ်မှာတော့ မိသားစု မစုံလင်စွာနဲ့ တနေရာစီ ဖြတ်သန်းကြရတယ်လို့ ဆိုင်ဟားခရိုင် ယောင်းလင်စခန်းမှာ နေထိုင်နေတဲ့ စစ်ဘေးရှောင်တယောက်က ပြောပါတယ်။

“ဒီနှစ် ခရစ္စမတ်ကတော့ သူများနိုင်ငံလည်းဟုတ်တယ်၊ ဝင်ငွေလည်း သိပ်အဆင်မပြေဘူး။ အခုက ကွာခြားမှုတော့ အများကြီးရှိတာပေါ့လေ။ စိတ်ကလည်း ထရော်မာနည်းနည်းဖြစ်တာပေါ့၊ စိတ်ဖိစီးမှုက များတယ်၊ အသင်းသူ အသင်းသားတွေကလည်း အရင်ကလို ပျော်ပျော်ရွှင်ရွှင်တော့ ရှိမှာမဟုတ်ဘူး၊ စစ်ဘေးရှောင်တွေဆိုတော့ စိတ်ထဲမှာ ဖုံးအုပ်သလိုလိုဖြစ်သွားပြီး လွတ်လပ်တဲ့ ခံစားချက်က မထားနိုင်တဲ့အချိန်ကာလ ဖြစ်တဲ့အတွက်ကြောင့် ပျော်ရွှင်တဲ့ အပိုင်းမှာဆိုရင်တော့ အပြည့်အဝဖြစ်မှာ မဟုတ်ဘူးလို့ ထင်တာပေါ့နော်။”

အိန္ဒိယအစိုးရက စစ်ဘေးရှောင်တွေကို ဒီနှစ်ကုန်မှာ တနေရာတည်းမှာ စုပေါင်းပြီးထားဖို့ စီစဉ်နေတဲ့အတွက် စစ်ရှောင်တွေအနေနဲ့ လာမယ့်နှစ် ခရစ္စမတ်ကို မကျင်းပနိုင်တော့မှာလည်း စိုးရိမ်နေပါတယ်။

ဒါပေမဲ့ မင်းတပ်နဲ့ ကန်ပက်လက်မြို့ အပါအဝင် ချင်းပြည်နယ်ရဲ့ ၈၀ ရာခိုင်နှုန်းကို ချင်းတော်လှန်ရေးအဖွဲ့တွေက သိမ်းပိုက် ထိန်းချုပ်ထားတဲ့အတွက် လာမယ့်နှစ်မှာ စစ်ဘေးရှောင်တွေ နေရပ်ပြန်နိုင်ကြဖို့ကို မျှော်လင့်နေကြပါတယ်။

စစ်ဘေးရှောင်တယောက်က “ဒီနှစ်ခရစ္စမတ်ကို ကျင်းပဖို့ ပြင်ဆင်ထားတယ်။ တနှစ်မှတခါ ကျင်းပတဲ့ ပွဲတော်ကြီးဆိုတော့ ဒီနှစ်လည်း ထပ်မံပြီးတော့ ကျင်းပသွားမှာဖြစ်တယ်။ အရင်နှစ်နဲ့ ဘာမတူသလဲဆိုတော့ ဒီနှစ်က သတင်းတွေကြားထားတာပေါ့လေ၊ အိန္ဒိယအစိုးရက လွှတ်တော်မှာ ဒုက္ခသည်တွေကို ဒီနှစ်ကုန်ဆိုရင်တော့ စုဝေးပြီး တနေရာတည်းမှာ အကုန်ပို့မယ်ဆိုတဲ့ သတင်းတွေ ကြားတဲ့အခါမှာ ဒီမှာရှိတဲ့ ဒုက္ခသည်တွေ အကုန်လုံး စိတ်ညစ်ရတယ်။ ဒီနှစ်က ကျနော်တို့အတွက် နောက်ဆုံးနှစ်လည်း ဖြစ်သွားနိုင်တယ်၊ နောက်ဆုံးခရစ္စမတ်လည်း ဖြစ်သွားနိုင်တယ်၊ အရင်နှစ်နဲ့မတူအောင် အကောင်းဆုံး ပြင်ဆင်ထားပါတယ်” လို့ ပြောပါတယ်။

ချင်းပြည်နယ်က တိုက်ပွဲတွေကြောင့် မီဇိုရမ်ပြည်နယ်ဘက်ကို ထွက်ပြေးခိုလှုံနေရတဲ့ ချင်းဒုက္ခသည် ၆‌၀,၀၀၀ ကျော်ရှိတယ်လို့ ချင်းရေးရာအဖွဲ့ချုပ် (ICA) ရဲ့ စာရင်းတွေအရ သိရပါတယ်။

သီရိ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013