
မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်၊ တမာကန်ကျေးရွာက ရဲဗလတံဆိပ်ရ ရပ်ကျေးအုပ်ချုပ်ရေးမှူး အပါအဝင် မိသားစုဝင် ၃ ယောက်ကို ဒီဇင်ဘာ ၂၂ ရက် ညပိုင်းက ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း Voice of Wundwin အဖွဲ့ထံက သိရပါတယ်။
ဝမ်းတွင်းမြို့နယ်၊ တမာကန်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်လွင်ကို ပထမအကြိမ် ပစ်ခတ်ရှင်းလင်းခဲ့ပြီးနောက်ပိုင်း ပျူစောထီးတွေကို ကိုယ်ရံတော် အစောင့်အဖြစ်ထားရှိကာ တမာကန်အုပ်စုအတွင်းရှိ ရွာသားတွေအပေါ် ဆက်လက်အနိုင်ကျင့် ဖိနှိပ်နေတာကြောင့် အခုလို ရှင်းလင်းခဲ့တာလို့ Voice of Wundwin အဖွဲ့ တာဝန်ရှိသူတယောက်က ပြောပါတယ်။
“ပျူစောထီးမိသားစုတွေဆိုတော့ အင်အားသုံးပြီး ဝင်ရှင်းရတာ။ မနေ့က ည ၉ နာရီလောက်မှာပါ။ မိန်းမလုပ်တဲ့သူကလည်း စစ်မှုထမ်းအကြောင်းပြပြီး ငွေတွေလိုက်ကောက်ထားတာတွေ ရှိသလို သားလုပ်တဲ့သူကလည်း စကစအဖွဲ့ကလူတွေကို အကြိုအပို့ လုပ်နေပေးတာပါ။ မိသားစု ၃ ယောက်လုံးကို အပြီးရှင်းလင်းလိုက်တာပါ။”
ပစ်ခတ်ခံရမှုကြောင့် တမာကန်ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်တဲ့ အသက် ၄၀ ကျော်အရွယ် ဦးမောင်လွင်နဲ့ ဇနီးဖြစ်သူ ဒေါ်မြင့်ခိုင်၊ အသက် ၁၈ နှစ်အရွယ် သားဖြစ်သူ ဖိုးလပြည့်တို့မှာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်းနဲ့ အဲဒီပစ်ခတ်မှုကိုတော့ Wundwin Township Revolution Force (WTRF) အဖွဲ့ဝင်တွေက လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။
ဒါ့အပြင် သေဆုံးသူ အုပ်ချုပ်ရေးမှူး ဦးမောင်လွင်မှာ ပြီးခဲ့တဲ့ ၂၀၂၁ အတွင်းက တော်လှန်ရေးအဖွဲ့တွေဘက်က ပထမအကြိမ် ပစ်ခတ်ရှင်းလင်းခဲ့ရာမှာ အသက်မသေဘဲ လမ်းမလျှောက်နိုင်တဲ့ အခြေအနေ ဖြစ်ခဲ့ကြောင်းနဲ့ ၂၀၂၂ ခုနှစ် ဇန်နဝါရီလက စစ်ကောင်စီဘက်က ချီးမြှင့်ခဲ့တဲ့ ရဲဗလဘွဲ့ ရရှိထားသူဖြစ်ကြောင်း Voice of Wundwin အဖွဲ့ထံက သိရပါတယ်။
ဒီဇင်ဘာ ၂၃ ရက် မနက် ၅ နာရီကလည်း ဝမ်းတွင်းမြို့နယ် ရန်ကုန်-မန္တလေးကားလမ်းပိုင်းရှိ ဒိုင်ကောင်းကုန်း စာသင်ကျောင်းအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို Wundwin Township Revolution Force (WTRF) အဖွဲ့က ၄၀ မမ ၂ လုံးနဲ့ အနီးကပ် သွားရောက်တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ယောက်ထက်မနည်း သေဆုံးခဲ့ကြောင်း Voice of Wundwin ထုတ်ပြန်ချက်အရ သိရပါတယ်။










