
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ရမ်းဖိုကျေးရွာမှာ ဝင်ရောက်တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေက ရွာသားတွေကို စိတ်ကြွမူးယစ်ဆေးဝါးဝယ်ယူခိုင်းပြီး ဝယ်ယူသုံးစွဲနေတာနဲ့ ပြည်သူလူထုပိုင် ပစ္စည်းတွေလုယက် ဓားပြတိုက်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ရမ်းဖိုရွာက လူနေအိမ်အဆောက်အအုံတွေနဲ့ ဘုန်းကြီးကျောင်းတွေမှာ တပ်စွဲပြီးနေထိုင်နေတဲ့ စစ်ကောင်စီတပ်သားတွေဟာ WY စိတ်ကြွဆေးပြားမူးယစ်ဆေးဝါးတွေကို ရွာသားတယောက်ကို ဝယ်ယူခိုင်းတာဖြစ်တယ်လို့ ရမ်းဖိုရွာခံက ပြောပါတယ်။
“ရောင်းပေးနေသူကလည်း ကျနော်တို့ ရမ်းဖိုရွာဒေသခံပဲ၊ ရွာနားဝန်းကျင်မှာပဲနေနေတာပါ။ သူတို့က လူနေအိမ်တွေဝင်ပြီးတော့ ဖုန်းတွေဘာတွေ လုယူတယ်။ ဝယ်ပေးတဲ့သူကို ဒီဖုန်းယူဆောင်သွား၊ ဘယ်လောက်နဲ့ ရောင်းလာပေးဆိုပြီးလုပ်တာပါ”လို့ ပြောပါတယ်။
စစ်ကောင်စီစစ်ကြောင်းဟာ အခုနှစ် နိုဝင်ဘာ ၂၃ ရက်က ရမ်းဖိုရွာမှာဝင်ရောက်တပ်စွဲပြီးတော့ ရွာက လူနေအိမ်တွေမှာ ပြည်သူပိုင်ပစ္စည်းတွေကို ယူဆောင်ပြီး ပြန်လည်ရောင်းချခိုင်းတယ်လို့ ရွာသားတွေက ပြောပါတယ်။
ရွာသားတယောက်က “နေအိမ်တွေမှာယူလို့ မရှိတော့ပြီးဆိုရင် ကားလမ်းတွေပေါ်ထွက်ပြီး ကားတွေတား၊ ပိုက်ဆံတောင်းတယ်။ လိုအပ်တဲ့ပိုက်ဆံရရင် ကားတွေမစစ်တော့ဘူး။ စစ်ကြောင်းမှူးရှေ့မှာပဲ လုပ်နေကြတာဆိုတော့ ခွင့်ပြုထားတဲ့ သဘောရှိတယ်”လို့ ပြောပါတယ်။
ဒါအပြင် စစ်မရှောင်ပဲ ကျန်ရှိနေတဲ့ ရမ်းဖိုရွာလမ်းသွယ်ကြားက လူနေအိမ်တွေကို ဝင်ရောက်ပြီး ဖုန်းတွေနဲ့ပိုက်ဆံတွေကို ခြိမ်းခြောက်လုယူတာတွေလည်း လုပ်ဆောင်တယ်လို့ ရမ်းဖိုရွာခံက ဆက်ပြောပါတယ်။
ဒီဇင်ဘာလ ၁၄ ရက်ညက ရမ်းဖိုရွာအနီး ပြင်ဝန်းရွာကထန်းပင်ကုန်းမှာ အိမ်တဆောင်ကို စစ်ကောင်စီတပ်သား ၂ ယောက်က ဝင်ရောက်ပြီး ဖုန်းနဲ့ ပိုက်ဆံကို ဓားပြတိုက်လုယူသွား တယ်လို့လည်း ဒေသခံထံက သိရပါတယ်။
ရမ်းဖိုကျေးရွာဟာ မြိတ်-တနင်္သာရီ ပြည်ထောင်စုလမ်းမပေါ်မှာရှိပြီးတော့ အိမ်ခြေပေါင်း ၁၀၀ ကျော်ခန့်ရှိကာ ၂၀၂၃ ခုနှစ်၊ ၄ လပိုင်းကတည်းက တိုက်ပွဲတွေနဲ့ ရွာထဲ လက်နက်ကြီးပစ်ခတ်လို့ ရွာသားတွေအကုန်နီးပါး စစ်ရှောင်နေကြရပါတယ်။