
ဝုဗ်အသင်းဟာ ပေါ်တူဂီနည်းပြ ပါရဲယားကို နည်းပြသစ်အဖြစ် တရားဝင်ခန့်အပ်ခဲ့ပါတယ်။ ဒီဇင်ဘာ ၁၅ ရက်က နည်းပြ ဂယ်ရီအိုနေးလ်ကို ရာထူးကနေ ထုတ်ပယ်လိုက်ပြီး ၄ ရက်အကြာမှာ နည်းပြသစ် ခေါ်ယူခန့်အပ်ခဲ့တာပါ။
ပေါ်တိုနည်းပြဟောင်းဟာ ဝုဗ်အသင်းနဲ့ ၁၈ လ စာချုပ် ချုပ်ဆိုခဲ့ပြီး အသင်းကို တန်းဆင်းဇုန်ကနေ ရုန်းထွက်နိုင်ဖို့ စွမ်းဆောင်ပေးသွားရမှာပါ။
ဝုဗ်အသင်းပိုင်ရှင် ဖိုဆန်ဟာ ပေါ်တူဂီအေးဂျင့် ဂျော့မန်ဒက်စ်နဲ့ ရင်းနှီးသူဖြစ်ပြီး ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်းမှာ ပေါ်တူဂီနည်းပြတွေ၊ ကစားသမားတွေနဲ့ အပြောင်းအရွှေ့ အများဆုံး လုပ်ဆောင်ခဲ့ပါတယ်။
ဆော်ဒီကလပ် အယ်လ်ရှာဘတ်ကနေ ပြောင်းရွှေ့လာတဲ့ ဝုဗ်နည်းပြသစ် ဗစ်တာပါရဲယားဟာ ပေါ်တိုအသင်းနဲ့အတူ လိဂ်ချန်ပီယံဆုဖလားရရှိအောင် စွမ်းဆောင်ခဲ့သူပါ။
သူဟာ ဘရာဇီးကလပ်တွေဖြစ်တဲ့ ဖလာမင်ဂို၊ ကိုရင်သီယန် အသင်းတွေအပါအဝင် ဂရိကလပ် အိုလံပီယာကော့စ်၊ တူရကီကလပ် ဖီနာဘာချီအသင်းတွေကိုလည်း တာဝန်ယူခဲ့ဖူးပါတယ်။










