ပရီးမီးယားလိဂ် ပွဲစဉ်မှာ ဝက်စ်ဟမ်းက ဝုဗ်အသင်းကို ၄ ဂိုး ဂိုးမရှိနဲ့ ဂိုးပြတ် အနိုင်ရလိုက်တဲ့အတွက် စပါးအသင်းဟာ တန်းဆင်းဇုန်ထဲကို လျှောကျသွားပါတယ်။
ဒီပွဲမှာ ဝက်စ်ဟမ်းအတွက် အနိုင်ဂိုးတွေကို မာဗရိုပါနော့စ်နဲ့ ကတ်စတယ်လာနို့စ်တို့က ၂ ဂိုးစီ သွင်းယူပေးခဲ့တာပါ။
ဒီနိုင်ပွဲကြောင့် နည်းပြဆန်တိုရဲ့ ဝက်စ်ဟမ်းအသင်းဟာ အမှတ်ပေးဇယားမှာ စပါးအသင်းကို ကျော်တက်သွားပါတယ်။
တနင်္ဂနွေနေ့မှာ ဆန်းဒါးလန်းအသင်းနဲ့ ကစားရမဲ့ နည်းပြသစ် ဒီဇာဘီရဲ့ စပါးအသင်းဟာ ၂၀၀၉ ခုနှစ် ဇန်နဝါရီလနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် တန်းဆင်းဇုန်ထဲ ရောက်သွားတာပါ။
ဝုဗ်အသင်းကတော့ အဝေးကွင်း ၁၈ ပွဲဆက်တိုက် နိုင်ပွဲမရှိသေးဘဲ လာမဲ့အပတ် လိဒ်စ်အသင်းနဲ့ပွဲစဉ်မှာ တန်းဆင်းရဖို့ သေချာသလောက် ဖြစ်နေပါတယ်။
ဇန်နဝါရီလတုန်းက ဖောရက်စ်ကိုရှုံးပြီး တန်းဆင်းဖို့ အန္တရာယ်ရှိနေတဲ့ ဝက်စ်ဟမ်းအသင်းဟာ နောက်ပိုင်းကစားခဲ့တဲ့ ၁၁ ပွဲမှာ ၅ ပွဲအထိ အနိုင်ရရှိခဲ့ပြီး တန်းတင်ကျန်ရစ်ဖို့ အခြေအနေ ကောင်းသွားပါတယ်။











