DVB Logo
Home
မြန်မာသတင်း
ကနီ၊ ရပ်စောက်နှင့် တနင်္သာရီမြို့နယ်တို့တွင် စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်
DVB
·
December 19, 2024
ကနီ၊ ရပ်စောက်နှင့် တနင်္သာရီမြို့နယ်တို့တွင် စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်
1 / 3
Donate to DVB

စစ်ကိုင်းတိုင်း ကနီမြို့နယ်၊  ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်နဲ့  တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်ရှိ ကျေးရွာတွေကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့  အရပ်သားပြည်သူတွေ ထိခိုက်သေဆုံး ဒဏ်ရာရခဲ့ပြီး လူနေအိမ်တွေလည်း ထိခိုက်ပျက်စီးသွား ပါတယ်။

ကနီမြို့နယ်မြောက်ခြမ်း၊ ကျောက်လှေကားရွာကို စစ်ကောင်စီတပ်က ဒီဇင်ဘာ ၁၈ ရက် ည ၉ နာရီ ၁၆ မိနစ်က လေယာဉ်နဲ့ နောက်ထပ်တကြိမ် ဗုံးကြဲချတာကြောင့် နေအိမ် ၁၇ လုံး ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဆိုပါလေယာဉ်ဟာ မကွေးလေတပ်ကနေ လာရောက်ပစ်ခတ်တဲ့ Y12 လေယာဉ်အမျိုးအစား ဖြစ်တယ်လို့လည်း သိရပါတယ်။

ကနီဒေသခံအမျိုးသမီးတယောက်က “မနေ့ညက ၉ နာရီ ၁၆ မိနစ်ကနေ ၁၀ နာရီနီးပါးအထိ ရွာပေါ်ကနေ ၉ ခေါက်၊‌‌ ၁၀ ခေါက်လောက် ပတ်ပြီး ဗုံးသီးကြဲချခဲ့တာရှင့်။ ဘာလို့ အခု စစ်တပ်က လေယာဥ်နဲ့ ကြဲချတာလဲဆိုတာကိုတော့ ကျမတို့ အရပ်သားတွေအနေနဲ့ မသိဘူးလေ။ မြေပြင်မှာတော့ တိုက်ပွဲလည်းမဖြစ်ဘူး။ စစ်ကြောင်းထိုးတာလည်း မရှိဘူးရယ်။ သူတို့ ကြဲချချင်လို့ကို ကြဲချတာ။ ဒီနေ့ညကြဲချတဲ့ ဗုံးအလုံးအရေအတွက်က အနည်းဆုံး ၇၀ နဲ့ အထက်မှာရှိတယ်”လို့ ပြောပါတယ်။

ဗုံးဒဏ်ကြောင့် လူနေအိမ်တွေ ၁၇ လုံး ပျက်စီးသွားပြီး ရွာသားတွေကတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၇ ရက်ကတည်းက ရွာအပြင်ထွက်ရှောင်နေလို့ အထိခိုက် အသေဆုံးမရှိခဲ့ဘူးလို့ ဒေသခံက ပြောပါတယ်။

ကျောက်လှေကားရွာဟာ ကနီမြို့နယ်နဲ့ မင်းကင်းနဲ့အစပ်မှာတည်ရှိပြီး ချင်းတွင်းမြစ်အရှေ့ဘက် မြစ်ကမ်းဘေးမှာ တည်ရှိတဲ့ ကျေးရွာလည်းဖြစ်ပါတယ်။

ဒေသခံပကဖအဖွဲ့ဝင်တယောက်က “သူတို့ဘာသတင်းကြားထားလို့ ပစ်တာလဲမသိဘူး။ စစ်တပ်သတင်းပေးတွေကလည်း သတင်းတိတိကျကျ စုံစမ်းပြီးမှ သတင်းပေးသင့်တယ်။ အခုဟာက သတင်းအမှားရပြီး သက်သက်မဲ့ကြီးကို ဗုံးကြဲနေတာ။ စစ်တပ်သတင်းပေးတွေကိုလည်း တိတိကျကျ ကျနော်တို့ ဘက်က စုံစမ်းဖော်ထုတ်ပြီးတော့ အရေးယူဆောင်ရွက်တာတွေ ပြုလုပ်သွားမယ်” လို့ ပြောပါတယ်။

ကျောက်လှေကားရွာကို စစ်တပ်က ဒီဇင်ဘာ ၁၆ ရက် ညပိုင်းကလည်း အခုလို လေယာဉ်နဲ့ ဗုံးကြဲလို့  ၁၁ နှစ်အရွယ် ကလေးတယောက် အပါအဝင် ပြည်သူ ၅ ယောက် သေဆုံးခဲ့ရပြီး ၁၂ ယောက် ဒဏ်ရာရရှိခဲ့ရတာကာ လူနေအိမ်တချို့လည်း ပျက်စီးခဲ့ပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်မှာလည်း  ကျောက်ဂူဒေသအနီးက ထမင်းပေါင်းကျေးရွာကို စစ်ကောင်စီတပ်က ဒီဇင်ဘာ ၁၈ ရက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တဲ့အတွက် အရပ်သားပြည်သူ တယောက် သေဆုံးခဲ့ရတယ်လို့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA) တာဝန်ရှိသူကပြောပါတယ်။

ကျောက်ဂူအမြောက်တပ် (အမတ ၃၄၉ ) အနီးနားမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ DPLA တို့အကြား ထိတွေ့တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ကောင်စီတပ်က အရပ်သားပြည်သူတွေရှိရာနေရာတွေမှာလည်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

DPLA တပ်တော်ရဲ့ တာဝန်ရှိသူက “ ပြည်သူလူထုနေထိုင်တဲ့ ကျေးရွာတွေထဲ ပစ်ခတ်တာဟာ စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းသာဖြစ်ပါတယ်။ ဒရုန်းတွေနဲ့ အမြဲတမ်းလိုလို လိုက်ချတာတွေလည်း ရှိတယ်ဗျ"လို့ ပြောပါတယ်။

ခုလက်ရှိအချိန်အထိ ထိတွေ့တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်တာအပြင် ဓာတုအဆိပ်ငွေ့တွေပါသုံးပြီး တိုက်ခိုက်တာတွေလုပ်နေတယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၃၀ ရက်ကစပြီး စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေပြင်းထန်နေကာ ဒီဇင်ဘာ ၉ ရက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် အယောက် ၅၀ ကျော်သေဆုံးပြီး သေနတ် ၂၆ လက် သိမ်းဆည်းရမိတာကြောင့် စစ်ကောင်စီတပ်က ရှုံးမဲမဲနေတာဖြစ်လို့ စစ်တပ်နဲ့ဝေးဝေးမှာ နေထိုင်ပြီး ဘေးကင်းလုံခြုံတဲ့နေရာကို စစ်ဘေးရှောင်ကြဖို့ကို DPLA က တိုက်တွန်းထားပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၀ ရက်မှာလည်း ကျောက်မီးခတ်ကျေးရွာက ဘုန်းကြီးကျောင်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သားပြည်သူ တယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

တနင်္သာရီတိုင်းမှာလည်း တနင်္သာရီမြို့နယ်ရှိ ကျေးရွာတွေကို စစ်ကောင်စီဘက်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဆီမှ သိရပါတယ်။

ဒီဇင်ဘာ ၁၈ ရက်၊ မနက် ၁၀ နာရီဝန်းကျင်မှာ စစ်ကောင်စီဘက်က ပြည်ထောင်စ ကားလမ်းမတလျှောက်ရှိ ရေဖြူရွာ၊ ချောင်းနှစ်ပေါက်ရွာနဲ့ ထုံခရွာကို လေကြောင်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

တော်လှန်ရေးတပ်ဖွဲ့ဝင်ရဲဘော်တဦးက “KTLAတွေ စိုးမိုးထားတဲ့နေရာတွေကို အဓိက တိုက်ခိုက်တာပါ။ စကစဘက်က စစ်ကြောင်းထိုးဖို့လုပ်နေတာ။ နောက်ပြီး ပြည်ထောင်စုလမ်းမကြီးတလျှောက်ပြန်စိုးမိုးချင်လို့ လေကြောင်းတိုက်ခိုက်မှု လုပ်တာပါ”လို့ ပြောပါတယ်။

စစ်ကောင်စီဘက်ကလေကြောင်းတိုက်ခိုက်ရာမှာ K8Wတိုက်လေယာဥ်အမျိုးအစားနဲ့ ဗုံးသီး ၉ လုံးချတိုက်ခိုက်ခဲ့ပြီး အဆိုပါတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးသူမရှိဘူးလို့ ဒေသခံတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ၁၆ ရက်ကလည်း စစ်ကောင်စီရဲ့ ခလရ (၁၀၁) တပ်ရင်းကနေ အင်အား ၃၀၀ နီးပါးလောက် မြိတ်မှ မောတောင်​​​မြို့ဘက်ကို စစ်ကြောင်းထိုးနေပြီး တနင်္သာရီမြို့နဲ့ မောတောင်မြို့ကြား ပြည်ထောင်စုကားလမ်းတလျှောက်မှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့​တို့ တိုက်ပွဲဖြစ်ပွားနေ ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013