DVB Logo
Home
Lead Story
မျှော်လင့်ချက် ရေးရေး
DVB
·
December 19, 2024
မျှော်လင့်ချက် ရေးရေး
Donate to DVB

မြန်မာဘောလုံးပွဲ ကွင်းထဲသွားမကြည့်ဖြစ်တာ တော်တော်ကြာသွားပြီ။ လူတိုင်း စိတ်လက် မကြည်မသာဖြစ်နေတဲ့ ခုလိုကာလထဲ ကြည့်ချင်စိတ်လည်း ကုန်ခန်းနေခဲ့သလို အသင်းကလည်း ပြိုင်တိုင်းရှုံးဖြစ်နေတာ ကြာပြီလေ။ ဘောလုံးက ပြည့်စုံပျော်ရွှင်တဲ့ ပတ်ဝန်းကျင်ရှိတဲ့ အရပ်တွေမှာသာ အောင်မြင်ကြတာ မဟုတ်လား။

ပွဲလည်းမကြည့်ဖြစ် ကွင်းထဲလည်း မရောက်တာကြာတော့ ဘာတွေဖြစ်နေတယ် ဆိုတာလည်း အဆက်ပြတ်နေတာ ကြာပြီ။ ဒီနေ့တော့ ညစ်ညူးနေတဲ့စိတ်လေးတွေ ပြေပျောက်ပါစေတော့လို့ မရောက်တာကြာပြီဖြစ်တဲ့ သုဝဏ္ဏကွင်းထဲ ပြန်ရောက်ဖြစ်တယ်။

ဟိုးအရင်က တိုက်ဂါးဘီယာက စပွန်ဆာပေးခဲ့လို့ တိုက်ဂါးဖလား အမည်တွင်ခဲ့တဲ့ အာဆီယံချန်ပီယံ အလွတ်တန်းဘောလုံးပြိုင်ပွဲက ခုတော့ မစ်ဆူဘီရှီအီလက်ထရစ်ဖလားအဖြစ် အမည်ပြောင်းသွားပြီ။ အာဆီယံ ၁၀ နိုင်ငံပြိုင်တဲ့ ဒီပွဲကို ခုရက်ထဲ အာဆီယံနိုင်ငံတွေမှာ အိမ်ကွင်း အဝေးကွင်း ဆက်တိုက်ကစားနေကြတယ်။ ဟိုအရင်တုန်းကလို အိမ်ရှင်သီးသန့်ပြိုင်တာမျိုး မဟုတ်တော့ဘူး။ ၅ သင်း တအုပ်စု၊ အိမ်ကွင်း ၂ ပွဲ၊ အဝေးကွင်း ၂ ပွဲ ကစားနေကြတယ်။ ဗီယက်နမ်၊ စင်ကာပူ၊ ထိုင်း၊ အင်ဒို၊ ကမ္ဘောဒီးယား အိမ်ကွင်းပွဲတွေဆို ကွင်းလုံးပြည့် အားပေးကြသလို အကြိတ်အနယ်လည်း ရှိကြတယ်။

မနေ့က စင်ကာပူမှာ အိမ်ရှင်စင်ကာပူက ထိုင်းကို ၂ ဂိုးသွင်းထားပြီးမှ ထိုင်းက ၄ ဂိုး ပြန်သွင်းပြီး နိုင်တယ်။ တနေ့က ဗီယက်နမ်က အင်ဒိုကို ခက်ခက်ခဲခဲကစားပြီး တဂိုးတည်းနဲ့ ကပ်နိုင်တယ်။

ဒီဇင်ဘာ ၁၈ ရက်နေ့ မြန်မာက ဒုတိယမြောက် အိမ်ကွင်းပွဲစဉ်အဖြစ် လာအိုကို လက်ခံကစားခဲ့ရတယ်။ ကွင်းထဲမရောက်တာကြာပြီဖြစ်သလို မြန်မာဘောလုံးလောကထဲ ဘာတွေဖြစ်နေလဲ သိပ်မသိတော့ဘူး။ ဒါပေမဲ့ ဆရာတို့ရေးတဲ့ ပွဲ review လေး ဖတ်ချင်တယ်ဆိုတော့ သိသလောက် တွေ့သလောက်လေး ပြန်ဖောက်သည်ချပေးတာပါ။

အခု မြန်မာအသင်းနည်းပြက နာမည်ကျော် မြန်မာ့လက်ရွေးစင် တိုက်စစ်မှူးဟောင်း မျိုးလှိုင်ဝင်း။ မြန်မာအသင်းကို မြန်မာနည်းပြ ဦးဆောင်ပြီး ပြိုင်ပွဲဝင်တယ်။ တခြားနိုင်ငံအားလုံးက နိုင်ငံခြားသားနည်းပြတွေနဲ့ ပြိုင်ပွဲဝင်ချိန်မှာ မြန်မာတသင်းတည်း မြန်မာနည်းပြနဲ့ ဝင်ပြိုင်တယ်။ အရင်တုန်းကတော့ အမြဲလိုလို နိုင်ငံခြားနည်းပြနဲ့ ကစားလာခဲ့တာပါ။ နိုင်ငံခြားသားနည်းပြတွေကို ဒေါ်လာ ထောင်ချီပေး ငှားရမ်းလည်း အသင်းက ဒုံရင်း ဒုံရင်း တိုးတက်မလာပါဘူး။ ပိုက်ဆံကုန်တာပဲ အဖတ်တင်တယ်။ ကမ္ဘာ့ဖလားခြေစစ်ပွဲလည်း မအောင်၊ အာရှဖလားခြေစစ်ပွဲလည်း မအောင်။ မျိုးလှိုင်ဝင်းလို ကစားသမားဟောင်းတယောက်ကို နိုင်ငံအသင်းနည်းပြ ဖြစ်စေချင်ပါတယ်။ ကမ္ဘာမှာလည်း လက်ရွေးစင်ကစားသမားတွေ ကစားသမားဘဝက နားသွားတဲ့အခါ နည်းပြအဖြစ် တာဝန်ယူနေကြတာပဲ။ ကိုင်တီဆတ်တို့ ဖန်ဒီအာမက်တို့လည်း နည်းပြလုပ်ခဲ့ကြတာပဲ။ နိုင်ငံခြားသားနည်းပြငှားပြီး အောင်မြင်မှုမရတဲ့အတူတူ ကိုယ့်နိုင်ငံသားနည်းပြပဲ သုံးတာ ကောင်းပါတယ်။

ပြည်တွင်းနည်းပြဆိုတော့ ပြည်တွင်းကစားသမားတွေအကြောင်း ပိုသိတာပေါ့။ နိုင်ငံခြားသား နည်းပြတွေက သူတို့စိတ်ကြိုက်ကစားသမားတွေ သုံးပေမဲ့ အဆင်မပြေတာတွေရှိတယ်။ အခု ဒီပြိုင်ပွဲမှာ အရင်ပွဲတွေတုန်းက အမြဲတမ်းပါတဲ့ အောင်သူတို့ သန်းပိုင်တို့ မတွေ့ဘူး။ အသင်းတွေနဲ့ အဆက်ပြတ်နေတော့ ကစားသမားတွေလည်း သိပ်မသိတော့ဘူး။

မြန်မာလိဂ်က နိုင်ငံရေးအခြေအနေကြောင့် ဒီဘက်နှစ်တွေမှာ ကျသွားတယ်။ ဘောလုံးသမားကောင်း ထပ်ထွက်မလာတော့ဘူး။ ဒီအခြေအနေမှာ ကျေးဇူးတင်ဖို့ကောင်းတာ အိမ်နီးချင်းနိုင်ငံတွေက လိဂ်တွေမှာ သွားကစားနေကြတဲ့ ကစားသမားတချို့ပါ။ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယားလိဂ်တွေမှာ သွားကစားကြတဲ့ လက်ရွေးစင်တွေရဲ့ အတွေ့အကြုံတွေကြောင့် လက်ရွေးစင်အသင်းက ဆိုးဆိုးရွားရွား ယိုင်မသွားတာ။ အရင်က ပြည်တွင်းလိဂ်မှာ သိပ်မထင်မရှား သီဟဇော်က ကမ္ဘောဒီးယားလိဂ်မှာ သွားကစားထားတဲ့ အတွေ့အကြုံကြောင့် နည်းပြမျိုးလှိုင်ဝင်း စမ်းသုံးရင်း နေရာရလာတယ်။

ဒီနေ့ လာအိုနဲ့ပွဲမှာ စောစောစီးစီး အောင်ကောင်းမာန်နဲ့ သက်ဟိန်းစိုးကို ထုတ်ပြီး ဝင်းနိုင်ထွန်းနဲ့ ဥက္ကာနိုင်ကို လူစားလဲလိုက်တာ မှန်သွားတယ်။ ပထမပိုင်းမှာ လာအိုက သေချာပေါက် အပိုင်အခွင့်အရေး နှစ်ကြိမ်ထက်မက ရတယ်။ ကံကောင်းလို့ ဂိုးမပေးရတာ။ လာအိုက အင်ဒိုကို ၃ ဂိုးစီ သရေကစားထားတာ။ အရင်ခေတ်က လာအို မဟုတ်တော့ဘူး။

ခြုံပြောရရင် မြန်မာက ပထမပိုင်းမှာ လွင်မိုးအောင်ဂိုးနဲ့ အနိုင်ရထားပေမဲ့ ဒုတိယပိုင်း ၇၇ နဲ့ ၈၁ မိနစ်မှာ လာအိုက ၂ ဂိုးဆက်တိုက်သွင်းသွားလို့ အရှုံးနဲ့ နောက်ကပြန်လိုက်ကစားရင်း ဝင်းနိုင်ထွန်းရဲ့ ဂိုး ၂ ဂိုးနဲ့ မြန်မာ ၃-၂ ဂိုးနဲ့ နိုင်သွားတယ်။

မြန်မာပါတဲ့ အုပ်စု B မှာ ဗီယက်နမ်နဲ့ အင်ဒိုက နောက်တဆင့်တက်ဖို့ ရေပန်းစားနေပေမဲ့ ၃ ပွဲစီ ကစားပြီးချိန်မှာ ဗီယက်နမ်က ၇ မှတ်၊ မြန်မာနဲ့ အင်ဒိုက ၄ မှတ်စီ၊ ဖိလစ်ပိုင် ၃ မှတ်၊ လာအို ၂ မှတ်ရထားတယ်။ ဒီအုပ်စုမှာ လာအိုက ၄ ပွဲကစားပြီးဖြစ်လို့ ထွက်သွားရပြီဖြစ်တယ်။ မြန်မာနဲ့ အင်ဒိုက လက်ကျန်တပွဲ ကစားရဦးမယ်။ မြန်မာက ဒီဇင်ဘာ ၂၁ မှာ ဗီယက်နမ်နဲ့ အဝေးကွင်း သွားကစားရမှာဖြစ်ပြီး အင်ဒိုက ဖိလစ်ပိုင်နဲ့ အိမ်ကွင်းကစားရမယ်။ မြန်မာအတွက် မျှော်လင့်ချက်ရေးရေး ရှိနေသေးတယ် ဆိုရမယ်။  ဒီဇင်ဘာ ၁၈ ရက် မြန်မာနဲ့ တရက်တည်းကစားတဲ့ ဗီယက်နမ်နဲ့ ဖိလစ်ပိုင်ပွဲမှာ ဖိလစ်ပိုင်က ၁ ဂိုးအသာနဲ့ ဦးဆောင်ပြီး နိုင်နေခဲ့တယ်။ ကံကောင်းလို့ ဗီယက်နမ်က ထပ်ဆောင်းချိန်ပိုမှာ ချေပဂိုးသွင်းနိုင်လို့  တဖက် ၁ ဂိုးစီနဲ့ သရေကျသွားတယ်။

CWM

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013