
စက်တင်ဘာ ၂၇ ရက် မနေ့ညနေက ယှဉ်ပြိုင်ကစားခဲ့တဲ့ ဖီဖာ အာဆီယံဖလား Division 2 အုပ်စုပွဲစဉ်မှာ မြန်မာ့လက်ရွေးစင်အသင်းက ကမ္ဘာဒီးယားအသင်းကို (၁-၀) ဂိုးနဲ့ ရှုံးနိမ့်သွားပြီး ဗိုလ်လုပွဲတက်ရေး မျှော်လင့်ချက် မှေးမှိန်သွားပါတယ်။
ဟောင်ကောင် ခိုင်တက်ခ်အားကစားကွင်းမှာ ကျင်းပခဲ့တဲ့ ဒီပွဲစဉ်မှာ မြန်မာအသင်းနဲ့ ကမ္ဘောဒီးယားအသင်းတို့ ပထမပိုင်းမှာ အပြန်အလှန် တိုက်စစ်ဖွင့်ကစားခဲ့ကြတာမှာ မြန်မာအသင်းက ပွဲချိန် ၃ မိနစ်မှာ ကမ္ဘောဒီးယားအသင်းဘက်ကို တဂိုး သွင်းယူနိုင်ခဲ့ပေမဲ့ ဟိန်းထက်အောင် လူကျွံနေလို့ အဆိုပါဂိုးမှာ ငြင်းပယ်ခံခဲ့ရပါတယ်။
ပထမပိုင်း လက်ကျန်အချိန်တွေမှာ မြန်မာအသင်းက ဝင်းနိုင်ထွန်းရဲ့ တိုက်စစ်ဆင်မှုတွေနဲ့အတူ ဖိအားအတော်အတန် ပေးနိုင်ခဲ့ပေမဲ့ ကမ္ဘောဒီးယား ဂိုးသမားက အရေးပါတဲ့ ကာကွယ်မှုတချို့ ပြုလုပ်သွားနိုင်ခဲ့သလို မြန်မာအသင်းရဲ့ အဆုံးသတ်မှုတွေက တိကျထိရောက်မှု မရှိလို့ ဂိုးမရရှိခဲ့ပါဘူး။
ဒုတိယပိုင်းမှာ ကမ္ဘောဒီးယားအသင်းက မြန်မာဘက်ကို ဖိကစားခဲ့ပြီး ပွဲချိန် ၆၃ မိနစ်မှာ ချန်သီးယားက နောက်ထပ် အခွင့်အရေးတကြိမ် ရရှိခဲ့ပေမဲ့ ခေါင်းတိုက်လိုက်တဲ့ ဘောလုံးမှာ ဂိုးတိုင်အနီးကပ်ကနေ အပြင်ထွက်သွားခဲ့လို့ ဂိုးမရခဲ့ပါဘူး။
ပွဲချိန် ၇၁ မိနစ်မှာ မြန်မာကစားသမားတယောက်က အန္တရာယ်ရှိတဲ့ ပြစ်ဒဏ်ကျူးလွန်ခဲ့လို့ တိုက်ရိုက် အနီကတ် ပြသခံရပေမဲ့ VAR နဲ့ ပြန်လည်ကြည့်ရှုစစ်ဆေးပြီးနောက် ဒိုင်လူကြီးက သူ့ဆုံးဖြတ်ချက်ကို ပြောင်းလဲကာ အဝါကတ်သာ ထုတ်ပြခဲ့လို့ မြန်မာအသင်း သက်သာရာ ရသွားခဲ့ပါတယ်။
နှစ်သင်းစလုံး ကြိုးပမ်းကစားခဲ့ကြပေမဲ့ အချိန်အတော်ကြာ ဂိုးရရှိဖို့ ရုန်းကန်ခဲ့ကြရပြီး ပွဲမှာ သရေရလဒ်နဲ့ ပြီးဆုံးတော့မယ်လို့ ထင်မှတ်ခဲ့ကြတာပါ။
ဒါပေမဲ့ မိနစ် ၉၀ ပြီးလို့ ပွဲပြီးခါနီး နာကျင်အချိန်ပို ၉၀+၄ မိနစ်ကျမှ ဆင်ကာကာဒါက ဂိုးဧရိယာ အပြင်ဘက်ကနေ အဝေးကန်ချက်နဲ့ အပြင်းကန်သွင်းယူပေးခဲ့လို့ ဂိုးသမား မကာကွယ်နိုင်တော့ဘဲ မြန်မာအသင်း ရှုံးနိမ့်ခဲ့ရတာ ဖြစ်ပါတယ်။
မြန်မာအသင်းဟာ ကမ္ဘာဒီးယားအသင်းကို တဦးချင်းရော ကစားကွက်ပါ မယှဉ်နိုင်ဘဲ ကမ္ဘာဒီးယားအသင်းက ဂိုးပေါက်ခြိမ်းခြောက်မှုတွေ ပိုလုပ်နိုင်ခဲ့ပေမဲ့ မြန်မာဂိုးသမားနဲ့ နောက်တန်း ကစားသမားတွေ ကြံ့ကြံ့ခံကစားသွားခဲ့ပါတယ်။
ကမ္ဘောဒီးယားအသင်းဟာ ဒီပြိုင်ပွဲမှာ ပထမဆုံးနိုင်ပွဲရပြီး ရမှတ် ၃ မှတ်အပြည့် ရရှိသွားခဲ့ပါတယ်။
မြန်မာအသင်းကတော့ ပထမပွဲစဉ်မှာ တီမောလက်စတေအသင်းကို (၂-၀) ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီးနောက် ဒုတိယမြောက်နိုင်ပွဲကို ရယူနိုင်ဖို့ မျှော်လင့်ထားခဲ့ပေမဲ့ ဗိုလ်လုပွဲတက်နိုင်ဖို့ ကမ္ဘောဒီးယားအသင်းနဲ့ တီမောအသင်းတို့ရဲ့ ရလဒ်အပေါ် မူတည်နေတာ ဖြစ်ပါတယ်။
မနေ့က ကစားခဲ့တဲ့ Division 2 အုပ်စု A ပွဲစဉ်မှာတော့ အိမ်ရှင် ဟောင်ကောင်အသင်းက လာအိုအသင်းကို ၄ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။
ပထမဆုံးအကြိမ် ကျင်းပတဲ့ ၂၀၂၆ ဖီဖာအာဆီယံ ဖလားပြိုင်ပွဲကို Division 1 နဲ့ Division 2 ဆိုပြီး အဆင့်ခွဲပြီး သီးခြားကျင်းပနေတာမှာ အာဆီယံအင်အားကြီးအသင်းတွေနဲ့ အာရှအသင်းတချို့က Division 1 အဆင့်မှာ ပါဝင်ယှဉ်ပြိုင်နေကြတာ ဖြစ်ပါတယ်။
Division 2 အဆင့်မှာတော့ မြန်မာအသင်းက အုပ်စု B မှာ ကမ္ဘောဒီးယား၊ တီမောလက်စ်တေ တို့နဲ့အတူ ကျရောက်နေတာ ဖြစ်ပါတယ်။










