DVB Logo
Home
မြန်မာသတင်း
ရခိုင်တွင် ကုန်စည်ဈေးနှုန်းများ အဆမတန်မြင့်တက်နေ
DVB
·
December 19, 2024
ရခိုင်တွင် ကုန်စည်ဈေးနှုန်းများ အဆမတန်မြင့်တက်နေ
Donate to DVB

ရခိုင်ပြည်နယ်မှာ စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းနဲ့ ဆေးဝါးပစ္စည်းတွေဟာ ဈေးအဆမတန် မြင့်တက်နေဆဲ ဖြစ်တယ်လို့ ဒေသနေသူတွေဆီကနေ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခု နိုဝင်ဘာလထဲကနေ အဆမတန်မြင့်တက်လာခဲ့တဲ့ ကုန်စည်ဈေးနှုန်းတွေဟာ နည်းနည်းမှလျော့ကျတာမရှိခဲ့ဘဲ မူလကုန်ဈေးနှုန်းထက် ၃ ဆကနေ ၁၀ ဆကျော်အထိ အဆင့်ဆင့် မြင့်တက်နေဆဲပဲလို့ ကျောက်တော်ဒေသခံတယောက်က ပြောပါတယ်။

“ကုန်စျေးနှုန်းက တိုက်ပွဲစဖြစ်ကတည်းကနေ တက်တာ ခုချိန်ထိ မကျသေးပါဘူး။ ကုန်ဈေးနှုန်းက တက်လာတာပဲရှိတယ်၊ ကျသွားတယ်ဆိုတာတော့ သိပ်မရှိဘူး။ ကုန်ပစ္စည်းတခုဟာ မူလဈေးထက် ၂ ဆကနေ ၃ ဆအထိတော့ အနည်းဆုံးတက်နေတာပဲ။ တချို့ကုန်တွေဆို ၁၀ ဆကနေ ၁၀ ဆကျော်အထိတောင် တက်နေတာတွေလည်းရှိတယ်။”

ရခိုင်မှာ လက်ရှိဖြစ်နေတဲ့ ကုန်စည်ဈေးတွေထဲက စားသောက်ကုန်တချို့ရဲ့ ဈေးတွေကတော့ အိန္ဒိယစားဆီ ၁ ဘူးကို ၁၁,၀၀၀ ကျပ်၊ ကြက်သွန်နီ ၁ ပိဿာကို ၁၁,၀၀၀ ကျပ်၊ ကြက်သွန်ဖြူ ၁ ပိဿာကို ၂၅,၀၀၀ ကျပ်၊ ဒေသထွက်ငရုတ် ၁ ပိဿာကို ၄၀,၀၀၀ ကျပ်၊ အိန္ဒိယငရုတ် ၁ ပိဿာကို ၂၆,၀၀၀ ကျပ် စသဖြင့် အသီးသီးရှိနေတာဖြစ်ပါတယ်။

အာရက္ခတပ်တော်နဲ့ စစ်ကောင်စီတပ်တို့ရဲ့ နှစ်ဖက်တိုက်ပွဲတွေကြောင့် ပြည်မနဲ့ဆက်သွယ်တဲ့ ကုန်စည်လမ်းကြောင်းတွေ အပိတ်ခံထားရတဲ့ ရခိုင်ဟာ ဒေသတွင်း ကုန်စည်ပြတ်လပ်တာတွေနဲ့လည်း ကြုံခဲ့ရပြီး ကုန်စည်ဈေးတွေဟာလည်း အတက်ဘက်ကိုပဲ ဦးတည်နေခဲ့တာ ဖြစ်ပါတယ်။

ပြည်မနဲ့ ကုန်သွယ်ရေးလမ်းကြောင်း အဆင်မပြေတော့တဲ့ ရခိုင်ဒေသဟာ လက်ရှိမှာ အိန္ဒိယ-ရခိုင်၊ အိန္ဒိယ-ဘင်္ဂလားဒေ့ရှ် စတဲ့ ကုန်စည်လမ်းကြောင်းတွေကိုလည်း အာရက္ခတပ်တော်ကနေ လမ်းကြောင်းချပေးထားတာတွေ ရှိပေမဲ့ အဆိုပါ ကုန်စည်လမ်းကြောင်းတွေဟာလည်း အဆင်မပြေဖြစ်နေဆဲဖြစ်တယ်လို့ ရခိုင်ကုန်သည်တွေက ပြောကြပါတယ်။

ကုန်သည်တယောက်က “အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေးတွေကတော့ လုပ်တော့ လုပ်နေကြတယ်ပေါ့နော်။ အဆင်ပြေလား ဆိုတော့လည်း မပြေပါဘူး။ ဒီဘက်ကတင်ပို့တဲ့ ကုန်စည်တွေကို တင်ပို့သလောက် မယူနိုင်သလို အဲ့ဘက်ကချရတဲ့ ကုန်စည်တွေကလည်း ဒီဘက်နဲ့ သိပ်မကိုက်ညီတာတွေ ရှိတယ်။ လမ်းခရီးတွေကလည်း မကောင်းတော့ ဈေးပေါတဲ့ပစ္စည်းတွေချပြီး ဒီမှာ ဈေးအဆမတန်တင် ရောင်းနေရတာမျိုးတွေလည်း ဖြစ်နေတယ်။ ဒီတော့ စားသုံးသူတွေအနေနဲ့လည်း မကြိုက်ကြတာများတယ်” လို့ ပြောပါတယ်။

ဒီလို ကုန်စည်လမ်းကြောင်း အကျပ်အတည်းတွေကြောင့် ရခိုင်ဒေသဟာ ကုန်စည်ဈေးနှုန်း အဆမတန် မြင့်တက်မှုဒဏ်ကို ခံနေကြရတာ တနှစ်ကျော်ကြာ ရှိလာနေခဲ့ပြီဖြစ်ပြီး ဒေသနေသူတွေဟာလည်း များစွာ အကျပ်အတည်း ကြုံတွေ့နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013