
အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း မဏိပူရပြည်နယ်ထဲမှာ Starlink ဂြိုဟ်တုနဲ့ ဆက်စပ်ပစ္စည်းတွေ ဖမ်းဆီးရမိတဲ့အကြောင်း The Hindu သတင်းတပုဒ်မှာ ဒီဇင်ဘာ ၁၇ ရက် က ဖော်ပြပါတယ်။
ဒီဇင်ဘာ ၁၃ ရက်က စစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေ ပူးပေါင်းပါဝင်တဲ့အဖွဲ့က မြို့တော် အင်ဖာအရှေ့ဘက်မှာ ရှာဖွေခဲ့တဲ့ စစ်ဆင်ရေးအတွင်း ခုလိုတွေ့ရှိရတာဖြစ်ပြီး ဖမ်းဆီးရမိခဲ့တာတွေထဲမှာ လက်နက်ကိုင်အုပ်စုတွေက ပစ်ထားခဲ့ကြတဲ့ Starlink ဂြိုဟ်တု အင်တင်နာနဲ့ router တွေ ပါဝင်တယ်လို့ ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။
ဒါ့အပြင် မြန်မာစစ်တပ်ဘက်က အသုံးပြုလေ့ရှိတဲ့ MA4 ရိုင်ဖယ်သေနတ်တလက်၊ ပစ္စတိုတလက်နဲ့ တခြားကျည်ဆံတွေကိုပါ သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
စက်ပေါ်မှာတော့ "RPF/PLA" လို့ ရေးခြစ်ထားပြီး အတိုကောက်အနေနဲ့ ဒါက အိန္ဒိယနိုင်ငံထဲက မဏိပူရပြည်နယ် ခွဲထွက်ရေးကို ထောက်ခံအားပေးတဲ့ ကသည်းအစွန်းရောက်အဖွဲ့ကို ကိုယ်စားပြုနေတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
၂၀၂၃ ခုနှစ်၊ မေလကတည်းကစတင်ကာ အိန္ဒိယကွန်ရက်ကို ဖြတ်ကျော်ပေး ပို့နေတဲ့ ဂြိုဟ်တုအခြေပြု မြန်နှုန်းမြင့်အင်တာနက်ကို ပံ့ပိုးပေးတဲ့ ကိရိယာတွေကို ပြည်နယ်တွင်း ပထမဆုံးအကြိမ် တွေ့ရှိခဲ့ရတာကြောင့် လုံခြုံရေးအေဂျင်စီတွေကြား အချက် ပေးခေါင်းလောင်းသံတွေ ထွက်ပေါ်လာခဲ့တယ်လို့ ဆိုပါတယ်။
နိုဝင်ဘာ ၂၃ ရက် အစောပိုင်းတုန်းကလည်း Starlink စက်နဲ့ ပင်လယ်ရေကြောင်းသွားလာပြီး ရူပီးကုဋေ ၃၆,၀၀၀ တန်ကြေးရှိတဲ့ မက်သဖက်တမင်း စိတ်ကြွမူးယစ်ဆေးဝါး ကီလို ၆,၀၀၀ သယ်ဆောင်လာတဲ့ မြန်မာငါးဖမ်းသင်္ဘောတစင်းကို လူ ၆ ယောက်နဲ့ ဖမ်းဆီးခဲ့ပါတယ်။
အဆိုပါ ကိရိယာကို ရဲတပ်ဖွဲဆီ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း ကာကွယ်ရေးသတင်းရင်းမြစ်က ပြောသလို အဆိုပါ စက်ပစ္စည်းကို ဆက်သွယ်ရေးအတွက် အသုံးပြုတယ်ဆိုတာကို အတိအကျ မပြောနိုင်ကြောင်း အစိုးရသတင်းရင်းမြစ်တခုက ပြောကြားခဲ့ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
Source: The Hindu










