DVB Logo
Home
မြန်မာသတင်း
တနင်္သာရီတိုင်းတွင် အရပ်သားပြည်သူများ သတ်ဖြတ်ခံနေရ 
DVB
·
December 18, 2024
တနင်္သာရီတိုင်းတွင် အရပ်သားပြည်သူများ သတ်ဖြတ်ခံနေရ 
Donate to DVB

ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း တနင်္သာရီတိုင်းမှာ လက်နက်ကိုင်အဖွဲ့တွေရဲ့ သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရတဲ့ အရပ်သား ၁၄ ယောက် ရှိခဲ့ပြီး စစ်ကောင်စီနဲ့ လက်ဝေခံအဖွဲ့တွေရဲ့ သတ်ဖြတ်မှုကြောင့် သေဆုံးသူ ၁၁ ယောက် ရှိခဲ့တယ်လို့ ဒေသအခြေစိုက် မှတ်တမ်းပြုစုနေတဲ့ FE5 Tanintharyi ရဲ့ အစီရင်ခံစာအရ သိရပါတယ်။

နယ်မြေစိုးမိုးမှု မရဘဲဖြစ်နေတဲ့ စစ်ကောင်စီတပ်က ပြည်သူတွေအကြောက်တရား လွှမ်း မိုးလာစေဖို့ ရက်စက်တဲ့ နည်းလမ်းနဲ့ သတ်ဖြတ်မှုတွေလုပ်နေတာဖြစ်ပြီး သေဆုံးရသူ ၁၁ ယောက်ထဲမှာ ခေါင်းဖြတ်သတ်ခံရတာအပါအဝင် အကြောင်းမဲ့သတ်ဖြတ်ကာ မြေမြှုပ်ထားတဲ့ ဖြစ်စဉ်တွေလည်း အများအပြားပါဝင်တယ်လို့ ဆိုပါတယ်။

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်မှာ အရပ်သားပြည်သူတွေ ပစ်ခတ်သတ်ဖြတ်မှုတွေ ခပ်စိပ်စိပ်လုပ်လာတယ်လို့  တာဝန်ခံ DDMSC ကိုမင်းလွင်ဦးက ပြောပါတယ်။

“လောင်းလုံးမြို့နယ်ထဲမှာ အရပ်သားပြည်သူတွေကို အကြမ်းဖက် စစ်ကောင်စီက ပစ်ခတ် သတ်ဖြတ်နေတာမျိုးက အရင်ကနဲ့စာရင် တော်တော်လေး ခပ်စိပ်စိပ် ဖြစ်လာတယ်ပေါ့ဗျာ။ အရင်ကဆိုရင်တော့ သူတို့ စစ်ကြောင်းနဲ့ ဝင်လာပြီးတော့ ပစ်ခတ်သတ်ဖြတ်တာမျိုး မဟုတ်ဘဲနဲ့ ပြည်သူတွေနဲ့ စရဖ တို့က လက်နက်ကိုင်တပ်သားတွေပေါ့ဗျာ၊ အဲ့ဒါတွေ သူတို့ ဝင်လာပြီးတော့ ကားနဲ့လာပြီးတော့ ညဘက် ဖမ်းဆီးပစ်ခတ် သတ်ဖြတ်တာမျိုးတွေ ရှိတယ်။ ကျနော်တို့ ပြည်သူလူထုက စစ်ကောင်စီကို ဘယ်လိုမှ လက်ခံနိုင်တာမျိုးမဟုတ်ဘူး။ စစ်ကောင်စီကို တောက်လျှောက် ဆန့်ကျင်နေတာ ဖြစ်တယ်ပေါ့နော်။ ရရင် ရသလို နည်းမျိုးစုံနဲ့ ဆန့်ကျင်နေတာ ဖြစ်တယ်။ ဆိုတဲ့အခါကျတော့ စစ်တပ်ကလည်းပဲ သူတို့ ထင်ရင်ထင်သလို ပစ်ခတ် သတ်ဖြတ်တဲ့ဟာမျိုးကတော့ တောက်လျှောက် လုပ်နေတယ်။”

လောင်းလုံးမြို့နယ်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းက ဒီဇင်ဘာ ၁၃ ရက်က ဆိုင်ကယ်မောင်းနှင်လာတဲ့ အမျိုးသမီးတယောက်ကို သေနတ်နဲ့ ပစ်ခတ်လို့ အမျိုးသမီး သေဆုံးသွားခဲ့ပါတယ်။

ဒေသခံက “ထားဝယ်မြို့ဘက်ကနေ လောင်းလုံးမြို့ဘက်ခြမ်းကို အင်အားဖြည့်တင်းပြီး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကပေါ့နော်။ ဒီဇင်ဘာ ၁၃ ရက် မနက် ၅ နာရီလောက်မှာ ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် အင်းဇောက်ရွာခံ အမျိုးသမီးတစ်ဦးကို ပစ်သတ်ခဲ့တယ်။ ဒေသခံတချို့ကို ဖမ်းဆီး စစ်ဆေးတာတွေလည်း ရှိတယ်။ ဖမ်းဆီး စစ်ဆေးတာတွေအပြင် အခုလို ပစ်ခတ်သတ်ဖြတ်မှုကို ကျူးလွန်ခဲ့တယ်။ ရွာနားတဝိုက်က ပြည်သူတွေ၊ ရွာထဲက ပြည်သူတွေလည်း ထွက်ပြေးတိမ်းရှောင်နေရတာတွေ ရှိတယ်။ ပြည်သူပိုင် ကားတွေကို ဖမ်းဆီးတာတွေလည်း ရှိတယ်။ နောက်ပြီး ချောဆွဲတာတွေလည်း ရှိတယ်”လို့ ပြောပါတယ်။

တနင်္သာရီတိုင်းမှာ နိုဝင်ဘာလအတွင်း တိုက်ပွဲအကြိမ် ၂၃ ထက်မနည်းဖြစ်ပွားခဲ့သလို မိုင်းဆွဲတိုက်ခိုက်မှုအနည်းဆုံး ၁၆ ကြိမ်ရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့ပြင် စစ်ကောင်စီက အရပ်သားတွေကို အကြောင်းအမျိုးမျိုးပြပြီး ဖမ်းဆီးခဲ့သူဦးရေ ၃၅၈ ယောက်ထက်မနည်းရှိခဲ့ပြီး ၁၅၇ ယောက်  ပြန်လွတ်လာခဲ့ကာ ၂ ယောက်  သေဆုံးခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

စစ်ကောင်စီတပ် စစ်ကြောင်းထိုးရာလမ်းတလျှောက်ရှိ ဒေသခံနေအိမ်တွေကို မီးရှို့တာ၊ လက်နက်ကြီး ကျရောက်ပေါက်ကွဲတာ၊ ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်တာတွေကြောင့်လည်း အရပ်သား နေအိမ်တွေနဲ့  သာသနိကအဆောက်အအုံတွေ  ပျက်စီးခဲ့ပါတယ်။

FE 5 က ကောက်ယူရရှိတဲ့ စာရင်းအရ စစ်ကောင်စီတပ်က နေအိမ် ၂၉ ဆောင်ထက်မနည်းကို မီးရှို့ဖျက်ဆီးခဲ့ပြီး လက်နက်ကြီးကျရောက်ပေါက်ကွဲခြင်း၊ ဒရုန်းဖြင့်ဗုံးချခြင်းကြောင့် နေအိမ် ၁၀ ဆောင်ထက်မနည်း ပျက်စီးသွားခဲ့ပါတယ်။

တနင်္သာရီတိုင်းမှာ နိုဝင်ဘာလအတွင်း တိုက်ပွဲနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရသူတွေ ၆၈၀၀၀ ကျော်ရှိတယ်လို့ FE5 Tanintharyi ရဲ့ ဒီဇင်ဘာ ၁၇ ရက် အစီရင်ခံစာမှာ ဖော်ပြပါတယ်။

မြတ်သဇင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013