DVB Logo
Home
မြန်မာသတင်း
ပေါက်မြို့နယ်၌ စစ်တပ်က ပကဖရဲဘော်များကို ဖမ်းဆီးသတ်ဖြတ်ပြီး ပြည်သူများအား ဖမ်းဆီး
DVB
·
December 17, 2024
ပေါက်မြို့နယ်၌ စစ်တပ်က ပကဖရဲဘော်များကို ဖမ်းဆီးသတ်ဖြတ်ပြီး ပြည်သူများအား ဖမ်းဆီး
Donate to DVB

မကွေးတိုင်း၊ ပေါက်မြို့နယ်ထဲက စပါးမြှောကျေးရွာကို ဒီဇင်ဘာ ၁၅ ရက် မနက်စောပိုင်းမှာ စစ်ကောင်စီ စစ်ကြောင်းထိုးဝင်ရောက်ပြီး ရပ်ကျေးပကဖရဲဘော်တွေကို ဖမ်းဆီးသတ်ဖြတ်သွားလို ဒေသခံပြည်သူတွေကိုလည်း ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

ပေါက်မြို့နယ်အခြေစိုက် ပကဖရဲဘော်တယောက်က “စပါးမြှောရွာကို မနက် ၄ နာရီလောက်က စစ်ကြောင်းဝင်လာပြီး ရပ်ကျေးပကဖတပ်ဖွဲ့ဝင် ၅ ယောက်ကို ဖမ်းသွားတယ်။ သူတို့ ၅ ယောက်ကို ရွာအစပ်မှာ သတ်သွားကြတယ်။ ရွာခံတွေကိုလည်း ဖမ်းခေါ်သွားကြတယ်ဗျ” လို့ ပြောပါတယ်။

အဆိုပါစစ်ကောင်စီစစ်ကြောင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ ပျူစောထီး အင်အား ၈၀ နီးပါး ပါဝင်ပြီး မနက် ၄ နာရီဝန်းကျင်မှာ စပါးမြှောကျေးရွာအနီးက ပကဖ စခန်းငယ်တခုကို ဝင်ရောက်စီးနင်းစဥ် တိုက်ပွဲတွေ ဖြစ်ခဲ့သေးတယ်လို့ ဆိုပါတယ်။

ပေါက်မြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်တခုရဲ့ ပြန်ကြားရေးတာဝန်ခံတယောက်က “စပါးမြှောရွာနားက ရပ်ကျေးပကဖစခန်းငယ်ကို အင်အားအလုံးအရင်းနဲ့ အရင်ဦးစွာ ဝင်စီးတာ။ ဘာသတင်းမှ ကြိုမရတော့ အလစ်ခံလိုက်ရတာပါ။ အဲဒီရွာဘက်မှာက PDF အင်အား သိပ်မကောင်းသလို လက်နက်အင်အားလည်း ပြည့်ပြည့်စုံစုံ မရှိကြဘူးလေ။ လူအင်အားနဲ့ လက်နက်အင်အား မမျှတော့ ခံပစ်နေတဲ့ကြားထဲက ရဲဘော် ၅ ယောက် အဖမ်းခံရပြီး အသတ်ခံလိုက်ရတာပါ။ သူတို့စခန်းထဲက လက်နက်ခဲယမ်းနဲ့ အသုံးဆောင်ပစ္စည်းတွေကိုလည်း ကားတွေနဲ့တင်ပြီး ယူသွားကြတယ်။ စခန်းကလည်း မီးရှို့ခံလိုက်ရတယ်။ သူတို့ဘက်က လော်ဘီတွေ တင်ထားတာလည်း မှန်ပါတယ်။ မနက် ၅ နာရီလောက် အဲဒီတိုက်ပွဲပြီးတော့မှ စစ်ကြောင်းက ရွာထဲကိုဝင်တာ။ ရွာခံ ၄၀ နီးပါးလောက် အဖမ်းခံရတယ်လို့ သိရတယ်ဗျ။ အခုချိန်အထိတော့ တယောက်မှ ပြန်လွတ်မလာသေးဘူး” လို့ပြောပါတယ်။

အဆိုပါစစ်ကောင်စီစစ်ကြောင်းဟာ နေ့လယ် ၂ နာရီဝန်းကျင်မှာ စပါးမြှောရွာခံ ၄၀ နီးပါးကို ဖမ်းဆီးခေါ်ဆောင်သွားကာ ကပစ ၂၄ တပ်အတွင်း ပြန်လည်ဝင်ရောက်သွားကြတယ်လို့ ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။

တိုက်ပွဲအတွင်း PDF အလောင်း ၅ လောင်း၊ လက်လုပ်သေနတ်အရှည် ၆ လက်၊ ကျည်မျိုးစုံ ၅၄ တောင့်၊ PDF ဘတ်တံဆိပ်ပါ ပြောက်ကျားအင်္ကျီ ၁ ထည်နဲ့ လူနေတဲ ၂ လုံးတို့ သိမ်းဆည်းရရှိခဲ့တယ်လို့ စစ်ကောင်စီထောက်ခံတဲ့ တယ်လီဂရမ်ချယ်နယ်နဲ့ လူမှုကွန်ရက်စာမျက်နှာတွေကနေ ဓာတ်ပုံနဲ့တကွ ရေးသားဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013