DVB Logo
Home
မြန်မာသတင်း
ထိုင်းတွင် ပန်းရောင်ကတ်လုပ်ငန်း စတင်၊ ပြင်ပပေါက်ဈေး ဘတ် ၁၀၀၀၀ ကျော်ရှိ
DVB
·
December 17, 2024
ထိုင်းတွင် ပန်းရောင်ကတ်လုပ်ငန်း စတင်၊ ပြင်ပပေါက်ဈေး ဘတ် ၁၀၀၀၀ ကျော်ရှိ
Donate to DVB

မြန်မာအပါအဝင် အထောက်အထားမဲ့ လုပ်သားတွေအတွက် ထိုင်းအစိုးရက ပန်းရောင်ကတ် လုပ်ငန်းစဉ်ကို ဒီဇင်ဘာ ၁၆ ရက်မှာ စတင်ခဲ့ပြီး ပန်းရောင်ကတ်ပြုလုပ်ခက  ထိုင်းအစိုးရ သတ်မှတ်ဈေး ဘတ် ၃၀၀၀ ကျော်သာ ရှိပေမဲ့ ပြင်ပမှာတော့ ဘတ် ၁၀၀၀၀ ကျော် ပေါက်ဈေး ရှိနေပါတယ်။ 

ထိုင်းမှာရောက်ရှိနေတဲ့ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ် စတဲ့ ၄ နိုင်ငံက အထောက်အထားမဲ့ လုပ်သားတွေအတွက် ပန်းရောင်ကတ်လုပ်ငန်းစဉ်ကို ထိုင်းအစိုးရက ဒီဇင်ဘာ ၁၆ ရက်မှာ စတင်ဖွင့်လှစ်ခဲ့တာပါ။

ထိုင်းမှာ ရောက်ရှိနေတဲ့ အထောက်အထားမဲ့ လုပ်သားတွေရော၊ ၂၀၂၅ ဖေဖော်ဝါရီမှာ နေထိုင်အလုပ်လုပ်ခွင့် သက်တမ်း ကုန်ဆုံးမယ့် အလုပ်သမားတွေပါ ဒီဇင်ဘာ ၁၆ ရက်ကနေ ၃၀ ရက်အတွင်း ပန်းရောင်ကတ်အတွက် နာမည်စာရင်း တင်သွင်းတဲ့ လုပ်ငန်းစဉ်ကို လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

ပန်းရောင်ကတ် ပြုလုပ်ဖို့ ထိုင်းအစိုးရရဲ့ တရားဝင်ဈေးနှုန်းက စုစုပေါင်း ကုန်ကျငွေ ထိုင်းဘတ် ၃၁၀၀ (မြန်မာငွေ ၄ သိန်းဝန်းကျင်) သတ်မှတ်ထားပေမဲ့ ပွဲစား၊ အေဂျင်စီတွေကတဆင့် လုပ်ရင် အနည်းဆုံး ထိုင်းဘတ်ငွေ ၉၀၀၀ ဝန်းကျင် (မြန်မာငွေ ၁၁ သိန်းကျော်) ကနေ အများဆုံး ထိုင်းဘတ် ၁၆၀၀၀ (မြန်မာငွေ သိန်း ၂၀ ကျော်) အထိ ပေါက်ဈေးရှိနေတာပါ။

ထိုင်းတောင်ပိုင်းရှိ အလုပ်သမားတယောက်က “ပွဲစားတွေ အေဂျင်စီတွေနဲ့ လုပ်တဲ့လူကျတော့ ပိုက်ဆံ ပိုပေးရတာပေါ့နော်။ ၁၄၀၀၀၊ ၁၅၀၀၀၊ ၁၆၀၀၀ လောက်အထိ ဈေးကပေါက်တယ်။ အဲဒီအခါကျ အလုံးအရင်းနဲ့ ပိုက်ဆံပေးရတော့ နည်းနည်းဒုက္ခရောက်တာပေါ့။ မလွယ်ဘူးလေ ကိုယ်တွေဆိုရင် လစာ ၁၅၀၀၀ လောက် ရပေမဲ့ အိမ်ကို လစဉ် ထောက်ပံ့နေရတာလေ။ လစာကောင်းတဲ့ အလုပ်တွေကျတော့ သိပ်မသိသာပေမဲ့ လစာနည်းတဲ့ သူတွေအတွက်ကျ ဒီနှစ် ကုန်ကျစရိတ်က များတယ်ပေါ့နော်” လို့ ပြောပါတယ်။

အလုပ်သမားတွေအနေနဲ့ ပထမဆုံးအဆင့် ပန်းရောင်ကတ်ပြုလုပ်ဖို့ နာမည်စာရင်း တင်သွင်းတာကို အရင် လုပ်ဆောင်ရပြီး၊ အဲဒီနောက် ကျန်းမာရေးစစ်ဆေးတာ၊ ကျန်းမာရေး အာမခံပြုလုပ်တာ၊ အလုပ်လုပ်ခွင့် Work permit လျှောက်ထားတာနဲ့ စာရွက်စာတမ်း စိစစ်တာ၊ ကိုယ်ရေးအချက်အလက်တွေ မှတ်ပုံတင်တာ စတဲ့ လုပ်ငန်းစဉ်အဆင့်ဆင့်ကို လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

Work permit လျှောက်ထားတဲ့ လုပ်ငန်းစဉ်ကိုတော့ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ မတ် ၃၁ ရက်အထိ ဖွင့်လှစ်မယ်လို့ သိရပါတယ်။ ပန်းရောင်ကတ် ပြုလုပ်မယ့် အထောက်အထားမဲ့ အလုပ်သမားတွေအနေနဲ့ ဘယ်သူဘယ်ဝါ ဖြစ်ကြောင်း သက်သေခံလက်မှတ် CI စာအုပ်တွေလည်း ပြုလုပ်သွားဖို့ ရှိပါတယ်။

အလုပ်သမားအခွင့်အရေးဖောင်ဒေးရှင်းအဖွဲ့ ပြောခွင့်ရ ဦးအောင်ကျော်က “နောက်ထပ် CI ရုံးတွေလည်း ဖွင့်တော့မှာပါ။ လူသစ်တွေကလည်း ၁ သန်းဝန်းကျင်လောက် ရှိမယ်။  အဲဒါကိုလည်း နေထိုင်အလုပ်လုပ်ခွင့် လက်မှတ်တွေ ထိုင်းအစိုးရက ပြုလုပ်ပေးတော့မှာဆိုတော့ CI စခန်းတွေ ဖွင့်မယ်။ ထိုင်းအစိုးရ ပြုလုပ်ပေးတဲ့ ပန်းရောင်ကတ်တွေ လုပ်ပြီးတာနဲ့ စီအိုင်တွေ သွားထုတ်ရမယ်။ အဲဒီမှာလည်း အခွန်ဆောင်ဖို့ စခန်းတခု ဖွင့်ပြီးတောင် အခွန်ကောက်ခံမယ်လို့ ကျနော်တို့ ကြိုတင်သတင်းရထားပါတယ်” လို့ ပြောပါတယ်။

စစ်တပ်က အာဏာမသိမ်းခင် ထိုင်းနိုင်ငံတွင်းမှာ ပတ်စ်ပို့၊ CI နဲ့ တခြား အထောက်အထား ကိုင်ဆောင်ထားတဲ့ မြန်မာအရေအတွက် ၁.၂ သန်းကျော်၊ MoU အလုပ်သမား ၈ သိန်းဝန်းကျင်၊ စုစုပေါင်း ၂ သန်းကျော်နဲ့ အထောက်အထားမဲ့ မြန်မာလုပ်သား ၁ ဒသမ ၅ သန်း ဝန်းကျင်ရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်မှာတော့ မြန်မာ့နိုင်ငံရေးအခြေအနေတွေကြောင့် ထိုင်းကို ရောက်ရှိနေတဲ့ မြန်မာအရေအတွက် ၇ သန်းနီးပါး ရှိနေပြီလို့ အလုပ်သမားအရေး လုပ်ဆောင်သူတွေက ခန့်မှန်းပြောပါတယ်။  

ဇွဲသစ်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013