Home
မြန်မာသတင်း
ကျွန်းလှမြို့နယ်၊ မဒေါင်းရွာကို တော်လှန်ရေးတပ်ဖွဲ့များ ပြန်လည်သိမ်းပိုက်
DVB
·
December 15, 2024

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ် အနောက်ခြမ်းက စစ်ကောင်စီ စိုးမိုးထားတဲ့ မဒေါင်းကျေးရွာကို ဒီဇင်ဘာ ၁၃ ရက် မနက်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေက ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

အဆိုပါ မဒေါင်းရွာမှာ စစ်ကောင်စီတပ်က အင်အား ၇၀ ကျော်နဲ့ တပ်စွဲနေတာဖြစ်ပြီး ဒီဇင်ဘာ ၁၃ မနက်မှာ တော်လှန်ရေးတပ်တွေက ပြန်လည်တိုက်ခိုက်သိမ်းပိုက်လိုက်တဲ့အတွက်  စစ်ကောင်စီတပ်တေ တပ်ပြန်ဆုတ်သွားပြီလို့ ဒေသခံက ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က “တိုက်ပွဲက မနက်ခင်း ၅ နာရီ ကျော်ကစတယ်။ တိုက်ပွဲပြီးတဲ့ အချိန်က ၁၁ နာရီ လောက်မှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တယ်ဗျ။ တိုက်ပွဲမှာက စစ်တပ်က သေဆုံးဒဏ်ရာ အတော်များတယ်ဗျ။ အတိကျတော့ မသိရသေးဘူး။ ၂၀ ကျော် သေဆုံးဒဏ်ရာရသွားမယ်လို့ ခန့်မှန်းထားတယ်”လို့ပြောပါတယ်။

မဒေါင်းရွာက စစ်ကောင်စီတပ်တွေ စစ်ရှုံးပြီး ဒဏ်ရာရသေဆုံးတဲ့ အလောင်းတွေကို သယ်ဆောင်ကာ လွှတ်တိုက်ရွာဘက်ကို ထွက်ပြေးသွားတယ်လို့လည်း သိရပါတယ်။

တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံကနေ   MA1 တလက်၊ ၅ ဒသမ ၅၆ ကျည်တောင့် ၄၆၀ ၊ ကျည်ဘောက်စ် ၅ ဘောက်စ်၊ နင်းမိုင်းအကြီး ၁ လုံး ၊ အသေး ၆ လုံး၊ ဦးထုပ် ၂ လုံးနဲ့  icon တလုံး ကို တော်လှန်ရေးတပ်တွေက သိမ်းဆည်းရမိပါတယ်။

တိုက်ပွဲမှာ တော်လှန်ရေးတပ်တွေနဲ့ ဒေသခံရွာသားတွေ ထိခိုက်ဒဏ်ရာ ရတာမရှိဘူးလို့လည်းသိရပြီး စစ်ကောင်စီတပ်တွေထိခိုက်သေဆုံးတဲ့ အရေအတွက်ကိုတော့ သီးခြား အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။ 

ဒေသခံစစ်ဘေးရှောင်တယောက်က “ အရပ်သားတွေကတော့ နိုဝင်ဘာ ၂၁ ရက် ကတည်းက စစ်ရှောင်နေရတာပါ့။ အခုဟာက စစ်တပ်ကျူးကျော်တပ်စွဲနေတဲ့ရွာကို ပြည်သူ့ ကာကွယ်ရေးတပ်က ဝင်ရောက်ပစ်ခတ်တိုက်ခိုက်တာဗျ။ တိုက်ပွဲကြာချိန်ကတော့ တမနက်ခင်းလုံးဖြစ်နေတာ”လို့ ပြောပါတယ်။

တိုက်ပွဲဖြစ်စဉ်အသေးစိတ်သိရနိုင်ဖို့ ကျွန်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်နဲ့ ပြည်သူအုပ်ချုပ်ရေးအဖွဲ့က တာဝန်ရှိသူတွေထံ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလိုင်းနဲ့ အက်တာနက်လိုင်း မမိတာကြောင့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024