ကမ္ဘာ့ဖလား ၄ ကြိမ်ဗိုလ်စွဲထားတဲ့ အီတလီအသင်းဟာ ဘော့စနီးယားအသင်းကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ ရှုံးနိမ့်ခဲ့တာကြောင့် လာမဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကိုပါ လွဲချော်သွားခဲ့ရပါတယ်။
ဒါဟာ အီတလီအတွက် ၂၀၁၈၊ ၂၀၂၂ နဲ့ အခု ၂၀၂၆ အထိ ၃ ကြိမ်ဆက်တိုက် ကမ္ဘာ့ဖလား ဝင်ခွင့်မရတာဖြစ်ပြီး ချန်ပီယံဟောင်းအသင်းတွေထဲမှာ ဒီလိုမျိုး ဆက်တိုက်လွဲချော်တာဟာ ပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။
ပွဲကစားချိန်အတွင်းမှာ မွိက်စ်ကင်းရဲ့ဂိုးနဲ့ အီတလီက ဦးဆောင်ခဲ့ပေမဲ့ ဘတ်စ်တိုနီ အနီကတ်ပြ ထုတ်ပယ်ခံရအပြီး ၁၀ ယောက်တည်းနဲ့ ရုန်းကန်ခဲ့ရကာ ပွဲပြီးခါနီးမှာ ချေပဂိုးပြန်ပေးခဲ့ရတာပါ။
ပင်နယ်တီ အဆုံးအဖြတ်မှာတော့ အီတလီကစားသမားတွေဖြစ်တဲ့ အက်စ်ပိုစီတို နဲ့ ခရစ္စတန်တေး တို့ အမှားကျူးလွန်ခဲ့ကြလို့ ဘော့စနီးယားအသင်းကပဲ အနိုင်ရပြီး ကမ္ဘာ့ဖလားဝင်ခွင့် ရရှိသွားခဲ့ပါတယ်။










