
မြန်မာပြည်တွင်းက စက်ရုံအလုပ်ရုံ အခြေခံအလုပ်သမားတွေအပေါ် အလုပ်ရှင်တွေရဲ့ ဖိနှိပ်မှုက ပိုဆိုးလာပြီး ကြားဝင်ဖြေရှင်းပေးရမယ့် စစ်ကောင်စီအလုပ်သမားဝန်ကြီးဌာနဘက်ကလည်း တာဝန်ယူတာမျိုးမရှိဘူးလို့ အလုပ်သမားတွေကို ကူညီနေတဲ့ အဖွဲ့အစည်းတွေက ပြောပါတယ်။
မြန်မာပြည်တွင်းမှာရှိတဲ့ အခြေခံစက်ရုံ အလုပ်ရုံ အလုပ်သမားတွေအပေါ် အလုပ်ရှင်တွေဘက်က ခေါင်းပုံဖြတ်တာ၊ အခြေခံအလုပ်သမားအခွင့်အရေးတွေမပေးတာ၊ အလုပ်ထုတ်တာတွေ ပိုဆိုးလာတယ်လို့ ဆိုပါတယ်။
အခြေခံအလုပ်သမား အခွင့်အရေးတွေ ချိုးဖောက်ခံရလို့ နိုဝင်ဘာ ၆ ရက်ကတည်းက ဆန္ဒပြတောင်းဆိုနေတဲ့ ချားရစ်ခ် ပန်းပုစက်ရုံက အလုပ်သမားတွေကလည်း အခုချိန်ထိ ပြေလည်မှု မရရှိသေးဘူးလို့ သိရပါတယ်။
အခုလို အလုပ်ရှင်နဲ့ အလုပ်သမားပြဿနာတွေကို ကြားဝင်ညှိနှိုင်းဖြေရှင်းတာ မလုပ်ဘဲ အလုပ်ရှင်ဘက်ကနေသာ ဖိအားပေးကြောင်း မြန်မာနိုင်ငံ အထွေထွေအလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် (FGWM) ပြောရေးဆိုခွင့်ရှိသူက DVB ကိုပြောပါတယ်။
“ချားရစ်သပိတ်ကတော့ အခုတလကျော်သွားပြီပေါ့နော်၊ အလုပ်ရှင်ဘက်က ညှိနှိုင်းမှု အခြေအနေလည်း မရှိဘူး၊ အလုပ်ထုတ်ခံရတဲ့ အလုပ်သမားတွေကလည်း အခု ၅၀ ကျော်ရှိတယ်။ အခုဆိုရင် စက်ရုံကို လူသစ်တွေနဲ့ လည်ပတ်နေတယ်။ အလုပ်သမားဝန်ကြီးဌာနကလည်း စက်ရုံနဲ့ အလုပ်သမားတွေရဲ့ အငြင်းပွားမှုပြဿနာကို ဖြေရှင်းဆောင်ရွက်တဲ့ အခြေအနေလည်းမရှိဘူး။ ဒီထဲမှာ အလုပ်သမားဝန်ကြီးဌာနကိုခေါ်ပြီး WCC ရွေးချယ်တာတွေတောင် ဆက်လုပ်နေတယ်။ ဒါတွေကိုကြည့်ရင် အလုပ်သမားတွေရဲ့ တောင်းဆိုမှုကို အလုပ်သမား ဝန်ကြီးဌာနက ဘာမှမလုပ်ပေးတဲ့အပြင် မျက်ကွယ်ပြုတဲ့ အခြေအနေဖြစ်နေပါတယ်။”
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၀ ရက်က အလုပ်ရှင် အလုပ်သမားနဲ့ အစိုးရ သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲမှာလည်း စစ်ကောင်စီ အလုပ်သမားရေးရာဝန်ကြီးဌာနဝန်ကြီးက အလုပ်ရှင် အလုပ်သမား ပြဿနာတွေကို လုပ်ငန်းခွင်အတွင်းမှာ ပြေလည်အောင် ဖြေရှင်းသင့်တယ်လို့ ပြောဆိုခဲ့ပါတယ်။
အလုပ်ရှင် နဲ့ အလုပ်သမားအကြား ညှိနှိုင်းပေးရမယ့် ဝန်ကြီးဌာနဖြစ်ပေမဲ့ စစ်ကောင်စီ လက်အောက်ခံ အဖွဲ့အစည်းဖြစ်တဲ့အလျှောက် ကိုယ်ကျိုးစီးပွားအတွက် အလုပ်ရှင်တွေဘက်ကသာ ရပ်တည်နေကြောင်း CTUM ဗဟိုအလုပ် အမှုဆောင် တဦးဖြစ်တဲ့ ILO အုပ်ချုပ်မှုအဖွဲ့ ဒုတိယ-အလုပ်သမားကိုယ်စားလှယ်က ပြောပါတယ်၊
“လွတ်လပ်စွာသင်းပင်းဖွဲ့စည်းခွင့်မှ အလုပ်သမားတွေဟာ လွတ်လပ်စွာ စုပေါင်းအရေးဆိုခွင့်၊ စုရုံးခွင့်၊ စည်းဝေးခွင့် ထုတ်ဖော်ပြောဆိုခွင့် ဒီအခွင့်အရေးတွေရှိတယ်။ အဲဒီအခွင့်အရေးတွေ မရှိတဲ့နောက်မှာတော့ အလုပ်သမားတွေဟာ ဘာမှ အခွင့်အရေးတွေ ရနိုင်စရာအကြောင်းလည်း မရှိဘူး၊ အရပ်သားအစိုးရလက်ထက်မှာသည်ပင်လျှင် အလုပ်သမားသမဂ္ဂတွေက ကြိုးစားဆောင်ရွက်ပေးတဲ့ အချိန်မှာတောင် ချိုးဖောက်မှုတွေက အများကြီးကြုံတွေ့နေရတာ။ ဒီလို ဘာမှထုတ်ဖော်ပြောဆိုခွင့်မရတဲ့ စနစ်အောက်မှာတော့ အလုပ်သမားအခွင့်အရေးက ဘာမှကောင်းလာစရာ အကြောင်းမရှိဘူး။ သူတို့သည် သူတို့အကျိုးစီးပွားအတွက်၊ သူတို့အာဏာ တည်မြဲရေးအတွက် သူတို့နဲ့ပေါင်းပြီး လုပ်နိုင်တဲ့ အလုပ်ရှင်တွေနဲ့ သူတို့က လုပ်နေမှာဖြစ်တယ်။”
အခြေခံစက်ရုံ အလုပ်ရုံ အလုပ်သမားတွေအနေနဲ့ လုပ်ခလစာတိုးဖို့နဲ့ အခြေခံအလုပ်သမားအခွင့်အရေးတွေ တောင်းဆိုတာတွေကြောင့် အလုပ်သမားရာနဲ့ချီ အလုပ်ထုတ်ခံနေရပြီး၊ လုပ်ငန်းခွင်တွင်း အလုပ်ရှင်က ခေါင်းပုံဖြတ်တာ၊ ကိုယ်ထိလက်ရောက်ထိပါးစော်ကားတွေကို ခံနေကြရတယ်လို့ သိရပါတယ်။
တဖက်မှာတော့ စစ်ကောင်စီကို ဘက်စုံကနေ အရေးယူဆောင်ရွက်နိုင်မယ့် ဥပဒေပုဒ်မ ၃၃ (Article 33) ကို လာမယ့် ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့အစည်း ILO အုပ်ချုပ်ရေးအဖွဲ့အစည်းအဝေးကနေ ဆုံးဖြတ်ချက်ချမှာလည်း ဖြစ်ပါတယ်။
ဝေဝေ










