DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံတွင် စစ်အာဏာရှင်က သတင်းမီဒီယာဖိနှိပ်မှု တိုးမြှင့်လုပ်ဆောင်လာ
DVB
·
May 1, 2026
Photo: RSF 
Photo: RSF 
Donate to DVB

၂၀၂၆ ခုနှစ်ရဲ့ ကမ္ဘာ့သတင်းလွတ်လပ်ခွင့် အခြေအနေတွေဟာ ပိုမိုဆိုးဝါး လာနေသလို မြန်မာနိုင်ငံမှာ လည်း စစ်အာဏာရှင်က သတင်းမီဒီယာတွေအပေါ် ဖိနှိပ်မှုတွေ တိုးမြှင့်လုပ်ဆောင်လာနေတယ်လို့ RSF နဲ့ CPJ တို့က ကြေညာချက်တွေ အသီးသီး ထုတ်ပြန်ပါတယ်။

ပြင်သစ်အခြေစိုက် နယ်စည်းမခြားသတင်းထောက်များအဖွဲ့ (RSF) ရဲ့ ၂၅ ကြိမ်မြောက် ကမ္ဘာ့သတင်းလွတ်လပ်ခွင့် အညွှန်းကိန်း ထုတ်ပြန်ချက်အရ ကမ္ဘာတဝန်း သတင်းမီဒီယာတွေအပေါ် နိုင်ငံရေးအရ ဖိအားပေးမှုတွေ၊ အာဏာရှင်ဆန်တဲ့ လမ်းစဉ်တွေနဲ့ မီဒီယာဈေးကွက် အားနည်း လာမှုတွေကြောင့် သတင်းလွတ်လပ်ခွင့် အခြေအနေဟာ စိုးရိမ်စရာ ကျဆင်းနေတယ်လို့ ဆိုပါတယ်။

ဒီနှစ် အညွှန်းကိန်းအရ နိုင်ငံနဲ့ နယ်မြေပေါင်း ၁၈၀ ထဲက နိုင်ငံပေါင်း ၁၀၀ မှာ သတင်းလွတ်လပ်ခွင့် ရမှတ်တွေ လျော့နည်းသွာသလို ဒေသအလိုက် အခြေအနေတွေကို ကြည့်မယ်ဆိုရင် အာရှ-ပစိဖိတ် ဒေသ နိုင်ငံအများစုမှာ သတင်းလွတ်လပ်ခွင့် အခြေအနေဟာ “ခက်ခဲဆိုးရွားတဲ့” အဆင့်မှာ ရှိနေပါတယ်။

အာဏာရှင်အစိုးရတွေဟာ သတင်းမီဒီယာတွေကို နှိပ်ကွပ်ဖို့အတွက် ဥပဒေတွေကို လက်နက်သဖွယ် အသုံးပြုတာ၊ သတင်းဆင်ဆာဖြတ်တာနဲ့ ဝါဒဖြန့်ချိရေးတွေကို ပိုမိုလုပ်ဆောင်လာကြပါတယ်။

တရုတ်နိုင်ငံဟာ ကမ္ဘာပေါ်မှာ သတင်းသမားတွေကို အများဆုံး ဖမ်းဆီးထောင်ချထားတဲ့ နိုင်ငံအဖြစ် ဆက်ရှိနေပြီး လက်ရှိမှာ မီဒီယာသမား ၁၂၁ ယောက်အကျဉ်း ကျခံနေရသလို ဖိလစ်ပိုင်နိုင်ငံမှာတော့ အစိုးရအတွက် အထိခိုက်မခံတဲ့ ကိစ္စရပ်တွေကို စုံစမ်းထောက်လှမ်းတဲ့ သတင်းထောက်တွေကို "အဖျက်သမား" ဒါမှမဟုတ် "အကြမ်းဖက်သမား" လို့ စွပ်စွဲပြီး အသံတိတ်အောင် လုပ်ဆောင် နေတာကို တွေ့ရတယ်လို့ RSF က ဖော်ပြပါတယ်။

မြန်မာနိုင်ငံမှာလည်း သိပ်မကြာသေးခင်က ချင်းပြည်နယ်အခြေစိုက် Khonumthung Media Group၊ Chin World နဲ့ မျက်မှောက်ခေတ်သတင်းဌာနတွေကို စစ်အာဏာရှင်က လုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင်တွေ ရုပ်သိမ်းပြီး ဖိနှိပ်မှုတွေ လုပ်ဆောင်ခဲ့တာကို တွေ့ရပါတယ်။

သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေးကော်မတီ (CPJ) ရဲ့ အရှေ့တောင်အာရှဆိုင်ရာ အကြီးတန်းကိုယ်စားလှယ် ရှောင်ခရစ္စပင်က "ပဋိပက္ခဒဏ် အပြင်းအထန်ခံနေရတဲ့ ချင်းပြည်နယ် လို နေရာမျိုးမှာ သတင်းဌာနတွေကို လိုင်စင်ရုပ်သိမ်းတာဟာ စစ်အာဏာရှင်က သတင်း လွတ်လပ်ခွင့်နဲ့ ပြည်သူတွေရဲ့ သတင်းသိပိုင်ခွင့်ကို အလေးမထားတာကို ပြနေတာပဲ" လို့ ပြောပါတယ်။

အဆိုပါ သတင်းဌာနတွေကို ဧပြီ ၉ ရက်ကတည်းက စတင်ပိတ်သိမ်းခဲ့တာဖြစ်ပြီး ဧပြီ ၂၄ ရက် မှာတော့ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေပုဒ်မ ၈ (ခ) ကို ဖောက်ဖျက်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ တရားဝင်ကြေညာခဲ့သလို ဒီသတင်းဌာနတွေဟာ နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူ့အေးချမ်းသာယာရေးကို ထိခိုက်စေတဲ့အကြောင်းအရာတွေ ထုတ်ဝေခဲ့တယ်လို့ စွပ်စွဲထားပါတယ်။

ချင်းပြည်နယ်အပါအဝင် မြို့နယ်ပေါင်း ၆၀ ကို အရေးပေါ်အခြေအနေနဲ့ စစ်အုပ်ချုပ်ရေး ကြေညာ ထားတဲ့အချိန်မှာပဲ အခုလို သတင်းဌာနတွေကို ပိတ်ပင်လိုက်တာဖြစ်ပြီး ဒီပိတ်ပင်မှုအရ အဆိုပါ သတင်းဌာနတွေဟာ ဘယ်လိုမီဒီယာပလက်ဖောင်း ဒါမှမဟုတ် နည်းပညာနဲ့မှ သတင်း ထုတ်လွှင့်ခြင်း၊ ထုတ်ဝေခြင်း မလုပ်ဖို့ တားမြစ်ခံထားရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးချိန်ကစလို့ စစ်အာဏာရှင်ဟာ လွတ်လပ်တဲ့သတင်းဌာန အတော်များများကို လိုင်စင်ရုပ်သိမ်းခဲ့တာကြောင့် မီဒီယာအများအပြားဟာ ပြည်ပကနေ သတင်း ထုတ်လွှင့်နေရပြီး ပြည်တွင်းက သတင်းထောက်တွေမှာတော့ ဖမ်းဆီးထောင်ချခံရမဲ့ အန္တရာယ်တွေ နဲ့ ရင်ဆိုင်နေရပါတယ်။

အင်းစိန်အကျဉ်းထောင်မှာ ထောင်ဒဏ် အနှစ် ၂၀ ကျခံနေရတဲ့ Myanmar Now သတင်းဌာနရဲ့ ဓာတ်ပုံသတင်းထောက် ကိုစိုင်းဇော်သိုက်ဟာ ပြင်းထန်တဲ့ ကျန်းမာရေး ဝေဒနာတွေ ခံစားနေရလို့ အရေးပေါ် ခွဲစိတ်ကုသမှုခံယူဖို့ လိုအပ်နေပေမဲ့ စစ်အာဏာရှင်က ဆေးကုသခွင့် ပိတ်ပင် ထားပါတယ်။

ဝါရင့်စာရေးဆရာကြီး တင်ညွန့်နဲ့ သူ့ရဲ့သားဖြစ်သူအပါအဝင် ၃ ယောက်ဟာလည်း တရားဝင် ထုတ်ဝေဖြန့်ချိခွင့် ရထားတဲ့စာအုပ်ကို အွန်လိုင်းမှာ ရောင်းချတာနဲ့ပတ်သက်ပြီး  ဧပြီ ၂၄ ရက်က သန်လျင်မြို့မ ရဲစခန်းမှာ ပုဒ်မ ၅၀၅(က) နဲ့ အမှုဖွင့်ခံထားရပါတယ်။ 

CPJ ရဲ့ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁ ရက်နေ့အထိ စာရင်းတွေအရ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ သတင်းသမားတွေကို ဒုတိယမြောက် အများဆုံး ဖမ်းဆီးထောင်ချထားတဲ့ နိုင်ငံဖြစ်ပြီး အနည်းဆုံး သတင်းထောက် ၁၈ ယောက် အကျဉ်းထောင်တွေထဲမှာ ရှိနေဆဲ ဖြစ်ပါတယ်။

နယ်စည်းမခြားသတင်းထောက်များအဖွဲ့ (RSF) ရဲ့ ကမ္ဘာ့သတင်းလွတ်လပ်ခွင့် အညွှန်းကိန်း ထုတ်ပြန်ချက်အရ  မြန်မာနိုင်ငံဟာ နိုင်ငံပေါင်း ၁၈၀ မှာ အဆင့် ၁၆၆ နဲ့  သတင်းလွတ်လပ်ခွင့် အဆိုးဆုံးနိုင်ငံတွေ စာရင်းမှာ ပါဝင်နေပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013