DVB Logo
Home
မြန်မာသတင်း
ဒီးဘောင်းခူမြို့နယ်၌ IEC က အခွန်ကောက်ခံမှုပေါ်  ဒေသခံများဝေဖန် 
DVB
·
December 13, 2024
ဒီးဘောင်းခူမြို့နယ်၌ IEC က အခွန်ကောက်ခံမှုပေါ်  ဒေသခံများဝေဖန် 
Donate to DVB

ကရင်နီပြည်နယ်၊ ဒီးဘောင်းခူမြို့နယ်မှာ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC)က ဆိုင်ခွန် ကောက်ခံတာနဲ့ပတ်သက်ပြီး အခွန်ပေးဆောင်ရတဲ့ ပြည်သူတွေအကြား ဝေဖန်မှု မြင့်တက်နေပါတယ်။

ဒီးဘောင်းခူမြို့နယ်ထဲက စျေးဆိုင်တွေမှာ ဒီဇင်ဘာလပထမအပတ်ကစပြီး IEC ကတဆင့် အခွန် ကောက်ခံချိန် လက်နက်ကိုင်ဆောင်လာတာနဲ့ ကောက်ခံမှုနှုန်းတွေကြောင့် အခွန်ပေးဆောင်ရသူတွေက  ဝေဖန်ပြောဆိုနေတာပါ။

နိုဝင်ဘာနဲ့ ဒီဇင်ဘာ ၂ လစာအတွက် စည်ပင်ဆိုင်ရာအခွန်အနေနဲ့ မြို့နယ်ပူးပေါင်းအုပ်ချုပ်ရေးကော်မတီ၊ တပ်ရင်းတပ်ဖွဲ့တွေရဲ့ အစည်းအဝေးဆုံးဖြတ်ချက်အရ သတ်မှတ်ထားတဲ့နှုန်းအတိုင်း ကောက်ခံမည်ဆိုတဲ့ စာသားပါတဲ့ စာရွက်ကို လိုက်ကပ်ကာ ငွေကြေးကောက်ခံနေတာလို့  အခွန်ဆောင်သူတယောက်က ပြောပါတယ်။

"အခွန်ကို ဘယ်လိုနှုန်းထားနဲ့ကောက်မယ်ဆိုပြီး ကြိုတင်ပြီး အသိပေးထားတာမရှိဘူး။ ပွင့်လင်းမြင်သာဖို့လိုတာပေါ့။ ကားဝပ်ရှော့ဆိုတာနဲ့ ကျပ်တသိန်းခွဲကောက်တာလားပေါ့နော်။ စားသောက်ဆိုင်ချင်း တူရင်တောင်မှ ရောင်းအားချင်းမတူတာမျိုးတွေ ရှိတယ်။ အခွန်ကောက်တာက ဝင်ငွေပေါ်အခြေခံကောက်တာလားဘာလားမသိရဘူး။ ဆိုင်ရဲ့နာမည်တပ်ထားတာပေါ်မူတည်ပြီး ကောက်ချလိုက်တဲ့သဘောဖြစ်သွားတာပေါ့နော်။ တချို့ဟာတွေလည်း  ကျနော်တို့ဘက်က  ဖွင့်ဟပြောဆိုတာတွေ လုပ်ထားတာရှိပါတယ်။"

စျေးရောင်းနေတဲ့သူအများစုက စစ်ဘေးရှောင်ပြည်သူတွေနဲ့ တော်လှန်ရေးအတွက် ရန်ပုံငွေရှာဖွေရေးအနေနဲ့ ဖွင့်လှစ်ထားတဲ့ဆိုင်တွေများပြားပြီး သတ်မှတ်နှုန်းထားနဲ့ အခွန်လာကောက်ချိန် သေနတ်ယူဆောင်လာတာကြောင့် ဝေဖန်မှုတွေလည်း ရှိပါတယ်။

ဆိုင်ခွန်ကောက်ခံတဲ့အခါ  အသားငါးဒိုင်တခုကို တလ ၁၅၀၀၀၀ ကျပ်၊ ကားဝပ်ရှော့၊ ဘားနဲ့ သိန်း ၂၀၀ အထက် ဆိုင်တွေကို ၁၀၀၀၀၀ ကျပ်၊ ကြက်သားဆိုင်နဲ့ သိန်း ၁၀၀ ကနေ ၂၀၀ ကြားဆိုင်တွေကို ၅၀၀၀၀ ကျပ်၊ သိန်း ၅၀ နဲ့ ၁၀ဝ ကြားဆိုင်တွေကို ၄၀၀၀၀ ကျပ်၊ သိန်း ၂၀ နဲ့ ၅၀ ကြားဆိုင်တွေကို ၂၀၀၀၀ ကျပ်၊ သိန်း ၂၀ အောက်ဆိုင်တွေကို ၁၀၀၀၀ ကျပ် သတ်မှတ်ကောက်ခံတွေရှိနေပါတယ်။

ဒါနဲ့ပတ်သက်ပြီး IEC အတွင်းရေးမှူး ဦးဗညားက "လုပ်ငန်းလမ်းစဥ်မရှိသေးဘဲ ကြိုလုပ်လိုက်တဲ့ အပေါ်မှာ နည်းနည်းပြောစရာဖြစ်သွားတာပေါ့။ မြို့နယ်တခုကတော့ စပြီး အခွန်ကောက်တာကို စလုပ်လိုက်တာပေါ့နော်။ အဲ့တာအတွက် ပြန်ပြီးကြပ်မတ်နေပါပြီ။ ကောက်ဖို့အတွက် လုပ်ထုံးလုပ်နည်းတွေ၊ နှုန်းထားတွေကို သတ်မှတ်မှု မရှိသေးတဲ့ကာလမှာ အမြင်မှားမှုရှိနိုင်တယ်။ အခုကအပြီးသတ်အတည်မပြုနိုင်သေးပါဘူး။ ပြီးမှသာ မြို့နယ်တွေနဲ့ပေါင်းစပ်ပြီး ဆက်လုပ်ဖို့ရှိပါမယ်။ လောလောဆယ်ကတော့ မပြီးသေးဘူးခင်ဗျ"လို့ ပြောပါတယ်။

အခွန်ကောက်ခံရရှိငွေတွေကို ဒေသဖွံ့ဖြိုးရေးအတွက် ၄၀ ရာခိုင်နှုန်း၊ မြို့နယ်ရုံး ၂၀ ရာခိုင်နှုန်း၊ တပ်ပေါင်းစုစားနပ်ရိက္ခာ ၃၅ ရာခိုင်နှုန်းနဲ့ ကရင်နီပြည်ရဲဌာန (KSP) ၅ ရာခိုင်နှုန်းအနေနဲ့ ပြန်လည်မျှဝေ သုံးစွဲမှာဖြစ်တယ်လို့ အခွန်ကောက်ခံတဲ့ စာရွက်ပေါ်မှာ ရေးထားပါတယ်။

ကရင်နီပြည်နယ်ရဲ့ ၁၆ မြို့နယ်ထဲက မြို့နယ်တခုမှာ အခွန် ကြိုတင်ကောက်ခံခဲ့တဲ့ သဘောမျိုးဖြစ်ပြီး အခွန်ခပေးဆောင်ရသူတွေက ပြန်လည်ညှိနှိုင်းဆွေးနွေးဖို့ ပြောဆိုတာတွေရှိလို့ IEC အနေနဲ့လည်း အပြီးသတ် အတည်ပြုမှုတွေပြုလုပ်ဖို့ မပြီးစီးသေးဘူးလို့ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013