
ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်မှာ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC ပြည်ထဲရေးဌာနခွဲ၊ အရေးပေါ်ကူညီကယ်ဆယ်ရေးအဖွဲ့က မွမ်းမံသင်တန်းပို့ချခဲ့တယ်လို့ IEC လက်ထောက်ညွှန်ကြားရေးမှူး ဟင်နရီက ဇွန် ၁၂ ရက်မှာ ပြောပါတယ်။
အရေးပေါ်ကူညီကယ်ဆယ်ရေးမွမ်းမံသင်တန်းကို ဇွန် ၂ ရက်ကနေ ၁၁ ရက်အထိ ၁၀ ရက်တာ ပို့ချခဲ့ပြီး စစ်ရှောင်နဲ့ ဒေသခံတွေ၊ ရဲဘော်တွေကို ကယ်ဆယ်နိုင်ဖို့ ပို့ချတာဖြစ်တယ်လို့ သိရပါတယ်။
IEC လက်ထောက်ညွှန်ကြားရေးမှူး ဟင်နရီက “သင်တန်းမှာ မွန်းမံသင်တန်းပေါ့၊ တန်းမြှင့်သင်တန်းအနေနဲ့ ပြုလုပ်ထားတာ ဖြစ်ပါတယ်။ သင်တန်းမှာ First Aid (ရှေးဦးသူနားပြု) အပိုင်းပါမယ်။ ရှာဖွေကယ်ဆယ်ရေး ပါမယ်။ အရေးပေါ်ကယ်ဆယ်ရေးနည်းလမ်းတွေ ပါမယ်။ ပြီးတော့ တခြားကယ်ဆယ်ရေးနည်းလမ်းတွေ ပါတာပေါ့နော်” လို့ ပြောပါတယ်။
သင်တန်းမှာ ဆေးဝါးအပိုင်း၊ မြေပြင်ကယ်ဆယ်ရေး၊ ရေပြင်ကယ်ဆယ်ရေး၊ ရှာဖွေကယ်ဆယ်ရေး၊ ရှေးဦးသူနာပြုနည်းလမ်းတွေ၊ သက်လုံပိုင်းဆိုင်ရာတွေ ပို့ချခဲ့ပြီး သင်တန်းသား ၁၃ ယောက်ကို ပို့ချခဲ့တာလို့ သိရပါတယ်။
အရေးပေါ်ကူညီကယ်ဆယ်ရေးအဖွဲ့ဟာ စစ်ကောင်စီတပ်ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ဒေသခံနဲ့ စစ်ရှောင်ပြည်သူတွေကို ကူညီကယ်ဆယ်တာ၊ ရှေ့တန်းမှာ လူနာတက်ဆွဲတာ၊ ရှေးဦးသူနာပြုနည်းနဲ့ အသက်ကယ်တာတွေကို ပြုလုပ်ပေးနေတဲ့အဖွဲ့ဖြစ်တယ်လို့ သိရပါတယ်။
စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ စစ်တပ်ရဲ့လေကြောင်းရန်၊ လက်နက်ကြီးနဲ့ ဒရုန်းရန်တွေကို ကာကွယ်ဖို့ အရေးပေါ်ကူညီကယ်ဆယ်ရေးကို မကြာခဏ ပို့ချဖြစ်တယ်လို့ သိရပါတယ်။










