DVB Logo
Home
မြန်မာသတင်း
တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့်သူ  မနှစ်ထက် ၄၀,၀၀၀ ကျော်တိုးလာ
DVB
·
December 12, 2024
တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့်သူ  မနှစ်ထက် ၄၀,၀၀၀ ကျော်တိုးလာ
Donate to DVB

မြန်မာနိုင်ငံအနှံ့မှာ  ၂၀၂၄-၂၀၂၅  ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုကြမယ့် ကျောင်းသူကျောင်းသား   ၂၂၀,၀၀၀ ကျော်ရှိပြီး မနှစ်ကထက် ၄၀,၀၀၀ ကျော် ပိုများလာတယ်လို့ သိရပါတယ်။

၂၀၂၄-၂၀၂၅  ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုဖို့ စာရင်းပေးထားသူ ၂၂၀,၀၀၀ ကျော်ရှိပြီလို့  စစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနက ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃-၂၄ ပညာသင်နှစ်မှာ တနိုင်ငံလုံး တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူ ၁၇၉,၀၀၀ ကျော်ရှိခဲ့ရာမှ အနှစ်မှာ ဖြေဆိုသူဦးရေ ၄၀၀၀၀ ကျော်ပိုများလာတာပါ။

အခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၁၇ ရက်မှ မတ်လ ၂၂ ရက် အထိ ပိတ်ရက်မရှိ ဖြေဆိုသွားမယ်လို့  စာစစ်ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

တက္ကသိုလ်ဝင်စာမေးပွဲအတွက်မေးခွန်းတွေကိုတော့ စစ်ရေးတည်ငြိမ်တဲ့ ဒေသတွေအတွက် မေးခွန်းတစုံ တိုက်ပွဲပြင်းထန်နေတဲ့‌ ဒေသတွေအတွက် မေးခွန်းတစုံဖြေဆိုရမယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

စာမေးပွဲဖြေဆိုမယ့်ကျောင်းသူတယောက်က “မေးခွန်းက တပြည်နယ်ကို တစုံထုတ်ပြီးမှ ပြန်ဖြေမလားမသေချာဘူး။ နိုင်ငံရေးကလည်းသိပ်မကောင်းတော့လေ။ အခုက ရခိုင်ပြည်နယ်တို့ ချင်းပြည်နယ်တို့ဘက်မှာ တစုံလိုလို အဲ့လိုဖြစ်နေတာ။ တပြည်နယ်နဲ့ တပြည်နယ်သိပ်မတူဘူး။ မနှစ်ကတော့ အစိုးရစနစ်သစ် ပထမဆုံးဆိုတော့ အပြင်ကဟာနည်းတယ်။ ကျောင်းဆိုတွေများ တယ်။ ဒီနှစ်ကတော့ မေးခွန်းကျပ်မယ်ကြားတယ်။ အပြင်ဖြေဖြေတဲ့သူတွေက ကိုယ်ကြိုက်တဲ့ကျောင်းမှာ လျှောက်လွှာတင်ပြီးဖြေလို့ရတယ်။ စစ်ရှောင်နေရာတွေကျတော့ ဒီဘက်ခြမ်းကမေးခွန်းတွေဘာတွေပို့တာ အဆင်မပြေလို့ သူတို့ပြည်နယ်မှာဘဲ အစိုးရက မေးခွန်းထုတ်ပြီး ဖြေတာတွေရှိတယ်”လို့ ပြောပါတယ်။

စစ်ကောင်စီ လက်အောက်မှာ  တက္ကသိုလ်ဝင်တန်းဖြေဆိုအောင်မြင်တဲ့ ကျောင်းသားတွေရဲ့ အရည်အချင်းဟာ  မစစ်မှန်နိုင်ဘူးလို့ CDM ဆရာမ တယောက်က ပြောပါတယ်။

“စစ်ကောင်စီလက်အောက်မှာ တက္ကသိုလ်ဝင်တန်းဖြေဆိုမယ့်သူ များလာတာဟာ အံ့ဩစရာကောင်းတဲ့ ကိစ္စတော့မဟုတ်ပါဘူး၊ စစ်အာဏာသိမ်းလိုက်ကတည်းက စစ်ကောင်စီရဲ့ လက်အောက်မှာ တက္ကသိုလ်ဝင်တန်းရှိတယ်ဆိုတာတောင် အသိအမှတ်မပြုပါဘူး၊ အဲ့ဒီကထွက်လာတဲ့ Result တွေကိုလည်း အထင်ကြီးလေးစားခြင်းမရှိပါဘူး။”

မြန်မာနိုင်ငံနေရာအနှံ့မှာ တိုက်ပွဲတွေပိုမိုဖြစ်ပွားလာပေမဲ့ စစ်မှုထမ်းဥပဒေကို ရှောင်ချင်တဲ့အတွက်ကြောင့် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမယ့်သူ ပိုမိုများပြားလာတယ်လို့ ပညာရေးဌာနနဲ့ နီးစပ်သူတွေက‌ ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ အသက် ၁၈ နှစ်ပြည့်ပြီးသူတွေကို စစ်မှုထမ်းဖို့ခေါ်မယ်လို့ တရားဝင်ထုတ်ပြန်ထားပေမဲ့ မြေပြင်မှာတော့ အသက်မပြည့်သေးတဲ့ လူငယ်တွေကိုပါ စစ်မှုထမ်းဖို့ ဖမ်းဆီးပေါ်တာဆွဲတာတွေ လုပ်ဆောင်နေပါတယ်။

စစ်ကောင်စီဟာ လူအင်အားလိုအပ်နေတဲ့အတွက် လူငယ်တွေကို ဖမ်းဆီးနေတာဖြစ်ပြီး စစ်မှုထမ်းရှောင်ဖို့ စာမေးပွဲဖြေဆိုတာဟာ လက်တွေ့မှာ အလုပ်မဖြစ်နိုင်ဘူးလို့ ပညာရေးဌာနနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

“ဟိုကောင်တွေက သေဖော်သေဖက်ရှာနေတဲ့အချိန်မှာ ပညာရေးနဲ့ဆို ကာလို့ရမယ်ထင်ပြီးတော့၊ ဆယ်တန်းကို အတင်းလှိမ့်ဖြေမယ်ပေါ့။ ကျောင်းနေအရွယ်တွေကိုလည်းခေါ်တာပဲ။ ၁၈ နှစ်ကနေ ၃၅ နှစ်အထိ ခန့်မှန်းပြီးခေါ်တာ။ အစပိုင်းမလို့ မင်းသားယောင်ဆောင်ပြီး အနုနည်းကလေးနဲ့ လုပ်နေတာ၊ သူတို့က လမ်းလျှောက်တတ်ရင်တောင်မှ မိုင်းနင်းခိုင်းမလို့ခေါ်တာ။ အကုန်လုံး ဆွဲထည့်မှာပဲ၊ ဆယ်တန်းဖြေပြီးရင်လည်းခေါ်မှာပဲ။ တက္ကသိုလ်တတ်တဲ့သူလည်းခေါ်မှာပဲ၊ စစ်မှုထမ်းကို ပညာရှင်တွေပါခေါ်မယ်ဆို သူတို့က ဘယ်လိုမျှော်လင့်ပြီး ၁၀ တန်းဖြေရင် ကင်းလွတ်မယ်ထင်ပြီး လှိမ့်ဖြေနေကြလဲမသိဘူး။” 

မြန်မာနိုင်ငံနေရာအနှံ့မှာ တိုက်ပွဲတွေဖြစ်ပွားနေပြီး မြို့ပေါင်း ၃၅၀ မှာ မြို့ ၁၀၀ အောက်သာ စစ်ကောင်စီထိန်းချုပ်မှုအောက်မှာရှိတော့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

စစ်ကျွန်ပညာရေးကို ဆန့်ကျင်တဲ့အနေနဲ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း သန်းနဲ့ချီတဲ့ ကျောင်းသူ ကျောင်းသားတွေ  ကျောင်းမတက်၊ စာမေးပွဲမဖြေကြဘဲ  CDM လုပ်ပြီး သပိတ်မှောက်နေကြတာလည်း ရှိပါတယ်။

သီရိ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013