DVB Logo
Home
မြန်မာသတင်း
မောင်တောကို AA သိမ်းပိုက်ပြီးနောက် ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေး အခွင့်အလမ်း ပွင့်လာ
DVB
·
December 11, 2024
မောင်တောကို AA သိမ်းပိုက်ပြီးနောက် ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေး အခွင့်အလမ်း ပွင့်လာ
Donate to DVB

ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါတဲ့ မောင်တောဒေသတခုလုံးကို အာရက္ခတပ်တော် (AA)က သိမ်းပိုက်ပြီးနောက် မောင်တောနယ်စပ်ကုန်သွယ် ရေးအခွင့်အလမ်းတွေလမ်းပွင့်လာပြီး ဒေသခံတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ ရရှိလာတော့မယ်လို့ ရခိုင်စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ဒေသခံတွေက ပြောပါတယ်။ 

ရခိုင်ပြည်နယ် ၊ မောင်တောမြို့နယ်မှာ နခခ (၅) အပါအဝင် မောင်တောဒေသတခုလုံးကို အာရက္ခ တပ်တော်က အလုံးစုံသိမ်းပိုက်ရရှိပြီးနောက် ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ်တလျှောက်လုံးကို ထိန်းချုပ်ထားနိုင်လိုက်တာပါ။ 

ရခိုင်စီးပွားရေးလုပ်ငန်းရှင် ဦးခင်မောင်ကြီးက “မောင်တောကို ထိန်းချုပ်လိုက်ခြင်းအားဖြင့် ဘင်္ဂလားဒေ့ရှ်တို့နဲ့ နယ်စပ်ကုန်သွယ်ရေး အခွင့်အလမ်းတွေ ပွင့်လန်းလာတယ်လို့ ပြောလို့ရတာပေါ့။ နှစ်နိုင်ငံ အကျိုးစီးပွားဖြစ်လာအောင် လုပ်နိုင်တဲ့ အခြေအနေ၊ အနေအထားတွေ အများကြီးရှိလာပြီ။ လုပ်ကိုင်ဆောင်ရွက်မယ့် အခြေအနေတွေနဲ့ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ် အစိုးရရယ် ၊ ULA/AA အစိုးရတွေက သင့်တော်တဲ့ စည်းမျဉ်းစည်းကမ်းချက်တွေ၊ ခွင့်ပြုချက်တွေ စနစ်တကျနဲ့ ချမှတ်ပေးရမယ့် အစီအစဉ်လေးတွေ လုပ်ပေးမယ်။ တဖက်ကလည်း စီးပွားရေးသမားတွေ နားလည်မှုရှိရှိနဲ့ ကိုယ့်အကျိုးအတွက်ရော တဖက် ဘင်္ဂလားဒေ့ရှ် အကျိုးအတွက်ပါ စနစ်တကျ လုပ်ကိုင်ဆောင်ရွက်ဖို့လိုတယ်”လို့ ပြောပါတယ်။

ရခိုင်မှာ တကျော့ပြန်တိုက်ပွဲစဖြစ်တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်ကတည်းက ကုန်သွယ်ရေးလမ်းကြောင်းတွေ ပြတ်တောက်သွားပြီး ကုန်စည်စီးဆင်းမှုမရှိတော့လို့ မောင်တော၊ ကညင်ချောင်း နယ်စပ်ကုန်သွယ်ရေးစခန်း ရပ်နားခဲ့ရပါတယ်။

မောင်တော၊ ကညင်ချောင်း နယ်စပ်ကုန်သွယ်ရေးစခန်းကနေတဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ တက္ကနဖ်ကို လယ်ယာထွက်ကုန်ပစ္စည်း၊ စိုက်ပျိုးရေးထွက်ကုန်ပစ္စည်းတွေဖြစ်ကြတဲ့ ဆန်၊ ကြက်သွန်၊ ပဲမျိုးစုံ၊ နှမ်းနဲ့ မြေပဲ နဲ့ ရေထွက်ကုန်ပစ္စည်း ရေချို၊ ရေငန် ငါးမျိုးစုံကို အဓိကတင်ပို့နေ တာပါ။

ဘင်္ဂလားဒေ့ရှ်ဘက်ကလည်း ပလတ်စတစ် လူသုံးကုန်ပစ္စည်းနဲ့ မီးဖိုချောင်သုံး ဒယ်အိုး၊ ဒယ်ခွက်တွေကို အဓိကတင်သွင်းနေတာဖြစ်ပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က “မောင်တောက လက်ရှိမှာ စစ်ကောင်စီ ကင်းစင်တဲ့နေရာ ဖြစ်သွားပြီ။ ဒါကြောင့် တဖက် ဘင်္ဂလားဒေ့ရှ်တို့ အိန္ဒိယတို့နဲ့ စီးပွားရေး ဆက်ဆံကူးသန်းမှုတွေက AA ရဲ့လက်ထဲကို ရောက်သွားပြီလို့။ ဒါကြောင့် အခြေအနေတည်ငြိမ်သွားရင် စီးပွားရေးတွေ တည်ဆောက်ဖို့ ကောင်းမွန်တဲ့အခွင့်အလမ်းတွေ ရရှိလိမ့်မယ်”လို့ ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ တရားဝင်ကုန်သွယ်မှုတွေ ပြုလုပ်နိုင်မယ်ဆိုရင် စီးပွားရေးအရ အထောက်အကူပြုရုံသာမက မောင်တောဒေသက ဒေသခံတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုပြီးရလာနိုင်တယ်လို့ မောင်တောဒေသခံ ကိုထူးထူးက ပြောပါတယ်။

မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းကို လွန်ခဲ့တဲ့ ၁၉၉၁ ခုနှစ်က စတင်ပြီး မြန်မာ့ထုတ်ကုန်၊ သွင်းကုန်လုပ်ငန်းမှ တာဝန်ယူ ဆောင်ရွက်ခဲ့တာဖြစ်ကာ ၁၉၉၅ ခုနှစ်မှာ နယ်စပ်ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးရုံးအဖြစ် ဖွင့်လှစ်ခဲ့ပြီး နှစ်နိုင်ငံကုန်သွယ်မှုတွေ ဆောင်ရွက်ခဲ့ကြပါတယ်။

စစ်တပ်က အာဏာသိမ်းပြီး ၃ နှစ်ကျော်ကာလအတွင်းမှာ မောင်တောမြို့ နယ်စပ်ကုန်သွယ်ရေးစခန်းက ကုန်သွယ်မှုဟာ အမေရိကန်ဒေါ်လာ ၀ ဒသမ ၀၃ သန်းသာ ရှိခဲ့တယ်လို့ ISP Myanmar က ထုတ်ပြန်ထားပါတယ်။

ကေခိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013