DVB Logo
Home
မြန်မာသတင်း
မြန်မာပြည်တွင်းနိုင်ငံရေးမငြိမ်သက်မှုကြောင့် ပြည်ပခရီးသည် ထက်ဝက်ကျဆင်း
DVB
·
December 9, 2024
မြန်မာပြည်တွင်းနိုင်ငံရေးမငြိမ်သက်မှုကြောင့် ပြည်ပခရီးသည် ထက်ဝက်ကျဆင်း
Donate to DVB

ကိုဗစ်ရောဂါကပ်ဘေးအလွန်ကာလမှာ အိမ်နီးချင်းနိုင်ငံတွေ အပါအဝင် ကမ္ဘာတဝန်းမှာ ခရီးသွားကဏ္ဍ ပြန်ဦးမော့လာပေမဲ့ မြန်မာနိုင်ငံမှာတော့ ပြည်တွင်းမှာ နိုင်ငံရေး မတည်ငြိမ်မှုတွေကြောင့် နိုင်ငံခြားသား ခရီးသည်ဝင်ရောက်မှုက တနှစ်ထက်တနှစ် ကျဆင်းလာပါတယ်။

စစ်ကောင်စီလက်အောက်ခံ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနရဲ့ အချက်အလက်တွေအရ ဒီနှစ် ၂၀၂၄ ခုနှစ်အတွင်း ပွင့်လင်းရာသီ ရောက်လာပြီဖြစ်ပေမဲ့ ပြည်ပခရီးသွားဝင်ရောက်မှုက ၅ သိန်းကျော်သာ ရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်က ကာလတူမှာ ပြည်ပခရီးသွား ၁ သန်းကျော် ရှိခဲ့တာကြောင့် ခရီးသည်အရေအတွက် ထက်ဝက်လောက် ကျဆင်းသွားတာ တွေ့ရပါတယ်။

လက်ရှိ နိုင်ငံမှာ ပြည်တွင်းရေး မငြိမ်သက်မှုတွေကြောင့် နိုင်ငံခြားသားခရီးသည် ဝင်ရောက်မှုက မျှော်မှန်းထားသလောက် မရောက်လာဘူးလို့ ခရီးသွားလုပ်ငန်းရှင်များအသင်း တာဝန်ရှိသူ တယောက်က  ပြောပါတယ်။

“ကျနော်တို့ လက်ရှိ နိုင်ငံရေးမတည်ငြိမ်မှုနဲ့ ဒေသတွင်း မတည်ငြိမ်မှုတွေ များနေတဲ့အတွက်ကြောင့် ဧည့်သည် ဝင်ရောက်မှုတွေကလည်း တိုးလာမှာမဟုတ်ဘူး။ နောက်တခါ ပြည်တွင်းကနေ ပြည်ပကိုထွက်တဲ့ နိုင်ငံသားတွေအနေနဲ့ Outbound တွေကလည်း ပြည်ပကို လူငယ်တွေ ထွက်ခွင့် အပိတ်ခံထားရတယ်။ အဲ့တော့ လေကြောင်းလိုင်းတွေ လျှော့ဆွဲတာမျိုးတွေရှိတယ်။ နိုင်ငံတကာ လေကြောင်းလိုင်းတွေကလည်း မြန်မာပြည်ကို တိုးချဲ့ ပြေးဆွဲတာတွေ မရှိသေးဘူး။ မရှိသေးတဲ့အတွက် ဧည့်သည်ဝင်ရောက်မှု နည်းတာကိုတော့ မြန်မာနိုင်ငံက ဆက်ခံစားရဦးမယ့် သဘောပဲ။ ၂၀၂၅ မှာ ဒီအတိုင်း ဆက်သွားမယ်ဆိုရင်လည်း ခရီးသွားက ကျုံ့သွားမယ်လို့ ကျနော် ထင်ပါတယ်။ ၂၀၂၅ မှာ အကယ်၍ နိုင်ငံရေးအခြေအနေ ပြန်ကောင်းလာရင်တော့ ၂၀၂၆ လောက်မှာ ကျနော်တို့ ခရီးသွား ပြန်လာနိုင်ဖို့အတွက် မျှော်လင့်လို့ ရပါတယ်။”

လက်ရှိမှာ ပြည်တွင်းစစ်ပွဲတွေကြောင့် နယ်စပ်ဂိတ်တွေကနေ ခရီးသွားဝင်ရောက်မှုက နည်းပါးနေဆဲဖြစ်ပြီး လေကြောင်းခရီးစဉ် ဈေးနှုန်းကြီးမြင့်မှုတွေ၊ ပြည်တွင်း နိုင်ငံရေးအရ လုံခြုံရေးစိုးရိမ်မှုတွေကြောင့် လေဆိပ်ကနေ ပြည်ပခရီးသွား ဝင်ရောက်မှုကလည်း လျော့ကျနေဆဲပဲလို့ သိရပါတယ်။

ပြည်တွင်းမှာလည်း ခရီးသွားလုပ်ငန်းကို အပြီးတိုင် စွန့်ခွာသွားသူတွေ၊ အခြားလုပ်ငန်း ပြောင်းလဲ လုပ်ကိုင်သူတွေ ပိုများလာပြီး ခရီးသွားလုပ်ငန်း ပြန်ဦးမော့လာဖို့ မျှော်လင့်နေကြတယ်လို့ ခရီးသွားလုပ်ငန်း လုပ်ကိုင်သူတွေက ပြောပါတယ်။

ခရီးသွားအေဂျင်စီ တာဝန်ရှိသူတယောက်က “မျှော်လင့်ချက်ကတော့ ခရီးသွားလုပ်ငန်းက ပြောရမယ်ဆိုရင် လုပ်ငန်းတွေက စီးပွားရေးတွေ အရမ်းကောင်းလို့ ဒါကို လုပ်နေရတဲ့ အနေအထား မဟုတ်ဘူး။ ကိုယ့်လက်ရှိ လုပ်နေတဲ့ လုပ်ငန်းလေးကို ရပ်တန့်မသွားအောင် လည်ပတ်လို့ရတဲ့ အနေအထားမှာ ယဲ့ယဲ့လေး တောင့်ခံပြီး လုပ်နေရတဲ့ အနေအထားပါ။ ဒီထက် ပိုဆိုးလို့ရှိရင် ခရီးသွားလုပ်ငန်းလည်း လည်ပတ်ဖို့ မလွယ်ဘူး။ အခုက ပြောမယ်ဆိုရင် နောက်ဆုံး ကြိုးလေးတမျှင်ကို ကိုယ်တွေက ဆုပ်ကိုင်ပြီးတော့ ကိုယ့်လုပ်ငန်းလေး မပျောက်မပျက်အောင် လုပ်နေရတဲ့ အနေအထားမျိုးလေးပါ” လို့ ပြောပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေး မတည်ငြိမ်တာ၊ နိုင်ငံအနှံ့ လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပေါ်နေတာကြောင့် နိုင်ငံတော်တော်များများကလည်း မြန်မာနိုင်ငံကို ခရီးမသွားကြဖို့ သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။

ကိုဗစ်မတိုင်ခင် ၂၀၁၉ ခုနှစ်က ပြည်ပခရီးသွား ၄ သန်းခွဲ ဝန်းကျင်ရှိခဲ့ပြီး ၂၀၂၃ ခုနှစ် တနှစ်တာအတွင်း မြန်မာနိုင်ငံကို ပြည်ပခရီးသည် ဝင်ရောက်မှု  ၁ သန်းကျော် ရှိခဲ့ပါတယ်။

၂၀၂၄ ခုနှစ် ပထမ ၅ လတာအတွင်း ပြည်ပခရီးသည် ၅ သိန်းကျော်ရှိခဲ့ပြီး အာဏာသိမ်း စစ်ခေါင်းဆောင်ကတော့ မနှစ်ကထက် ပြည်ပခရီးသည် ပိုမိုဝင်ရောက်ဖို့ မျှော်လင့်ထားကြောင်း ပြောထားပါတယ်။ 

ဇွဲသစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013