DVB Logo
Home
မြန်မာသတင်း
စစ်အာဏာသိမ်းမှု အကျိုးဆက်ကြောင့် ပြည်ပခရီးသွားလုပ်ငန်း နာလန်မထူနိုင်
DVB
·
October 22, 2024
စစ်အာဏာသိမ်းမှု အကျိုးဆက်ကြောင့် ပြည်ပခရီးသွားလုပ်ငန်း နာလန်မထူနိုင်
Donate to DVB

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် ပြည်တွင်း မငြိမ်မသက်မှုနဲ့ အန္တရာယ်ရှိ ခရီးသွား သတိပေးချက်တွေကြောင့် နိုင်ငံခြားသားခရီးသည် ဝင်ရောက်မှု တဟုန်ထိုး ကျဆင်းသွားပြီး ခရီးသွားလုပ်ငန်းတွေ နာလန်မထူနိုင်အောင် ကြုံနေရပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါနဲ့ စစ်အာဏာသိမ်းမှု အကျိုးဆက်ကြောင့် နာလန်မထူနိုင်အောင် ထိခိုက်ခဲ့ရတဲ့ မြန်မာ့ခရီးသွားလုပ်ငန်းကို ပြန်လည်ဦးမော့လာဖို့ စစ်ကောင်စီက ရုရှား၊ တရုတ်နဲ့ အာဆီယံဒေသတွင်းက ခရီးသွားတွေကို ပိုမိုအားထားလာပါတယ်။

ဒီနှစ် ပွင့်လင်းရာသီမှာတော့ အိမ်နီးချင်း ထိုင်းနဲ့ တရုတ်က ခရီးသည်တွေ ဝင်ရောက်ဖို့ မျှော်လင့်ထားပေမဲ့ စက်တင်ဘာလအတွင်း ကြုံခဲ့ရတဲ့ ရေဘေးကြောင့် ပြည်ပ ခရီးသွားဝင်ရောက်မှု ထင်သလောက် မရနိုင်ဘူးလို့ ခရီးသွားလုပ်ငန်းရှင်များအသင်းက ခန့်မှန်းထားပါတယ်။

ခရီးသွားလုပ်ငန်းရှင်များအသင်း တာဝန်ရှိသူက “ပြည်ပ ခရီးသွား အခြေအနေကကျတော့ ကျနော်တို့ ရေဘေးဖြစ်လိုက်တာကြောင့် အဓိက ဈေးကွက်ဖြစ်တဲ့ ထိုင်းနိုင်ငံနဲ့ တရုတ်နိုင်ငံ ရှိတာပေါ့နော်။ ထိုင်းနိုင်ငံနဲ့ တရုတ်နိုင်ငံက ဧည့်သည် ဝင်ရောက်မှုတော့ ရှိတော့ ရှိနေတယ်။ ဒါပေမဲ့ ကျနော်တို့ မျှော်မှန်းထားသလောက် မရောက်လာဘူး ဖြစ်နေတယ်။ ပြည်ပခရီးသွား ဝင်ရောက်မှုက ဒီခရီးသွားရာသီဖြစ်တဲ့ အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ ဒီ ၃ လမှာ ကြီးကြီးမားမား ထိခိုက်စရာ ရှိပါတယ်။ ခရီးသည်ဝင်ရောက်မှုကတော့ ဒီ ၃ လအတွင်းမှာ ပြီးခဲ့တဲ့နှစ်ထက် ပိုပြီး များဖို့ သိပ်မမြင်ဘူး။ အများဆုံးရလည်း ပြီးခဲ့တဲ့နှစ်က ရတဲ့နှုန်းလောက်ပဲ ရဖို့မှန်းထားတယ်။ လက်ရှိမှာတော့ အနောက်နိုင်ငံ ဝင်ရောက်မှုလည်း နည်းတယ်”လို့ ပြောပါတယ်။

စစ်ကောင်စီဟာ ခရီးသွားပွင့်လင်းရာသီ အောက်တိုဘာလမှာ ပြည်ပခရီးသွားတွေ တိုးတက် ဝင်ရောက်လာဖို့ အထူးသဖြင့် ရုရှားခရီးသွားတွေကို ပိုအားထား မျှော်လင့်နေပါတယ်။

ကမ္ဘာလှည့်ခရီးသွားတွေအတွက် အန္တရာယ်အရှိဆုံး ထိပ်တန်းမြို့ကြီး ၃ ခုထဲမှာ စစ်အာဏာသိမ်း မြန်မာနိုင်ငံက ရန်ကုန်မြို့လည်း ပါဝင်နေတယ်လို့ နာမည်ကျော် Forbes မဂ္ဂဇင်းက ၂၀၂၄ ခုနှစ်မှာ ဖော်ပြပါတယ်။

တိုင်းပြည် မငြိမ်သက်မှုတွေကြောင့် မြန်မာနိုင်ငံကို ပြည်ပခရီးသွား ဝင်ရောက်မှု သိသိသာသာ နည်းသွားပြီး လုပ်ငန်းတွေ အများစု အပြီးတိုင် ပိတ်လိုက်တာ၊ တခြားလုပ်ငန်း ပြောင်းလဲလုပ်ကိုင်ကြတာတွေလည်း ရှိတယ်လို့ ခရီးသွားလုပ်ငန်း အသိုင်းအဝိုင်းဆီက သိရပါတယ်။

ပြည်ပခရီးသွားလုပ်ငန်း အေဂျင်စီ တာဝန်ရှိသူက “အရင်တုန်းကဆိုရင် Travel & Tours လုပ်တာက အယောက် ၁၀၀ မှာ ၁၀ ပုံ တပုံလောက်ပဲ ကျန်တော့တယ်။ တော်တော်များများက ဒီလုပ်ငန်းတွေကို ပိတ်သိမ်းသွားတာ ရှိသလို လုပ်ငန်း ပြောင်းသွားတာတွေလည်း ရှိပါတယ်။ လုံးဝ မလုပ်နိုင်တော့သူတွေ၊ ပြန်ပြီး ဦးမမော့နိုင်ကြတဲ့သူတွေလည်း အများကြီး ရှိပါတယ်။ ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်ပြီး တော်တော်လေး အဆင်မပြေဖြစ်တဲ့သူတွေ များပါတယ်။ တခြား လုပ်ငန်း ပြောင်းသွားသူတွေ၊ ဒီလုပ်ငန်းကို အပြီးပိုင် ရပ်လိုက်သူတွေ အများကြီး ရှိပါတယ်ရှင့်။ တကယ်တော့ ခရီးသွားလုပ်ငန်းက အဘက်ဘက်ကနေ အကုန်လုံး အဆင်ပြေမှပဲ ရပ်တည်လို့ရတာဆိုတော့ အကုန်လုံး အဆင်ပြေအောင်ပဲ မျှော်လင့်ပါတယ်”လို့ ပြောပါတယ်။

DVB Data Team ကနေ စုံစမ်း ပြုစုထားတဲ့ အချက်အလက်တွေအရ ၂၀၂၃ ခုနှစ် ဇန်နဝါရီလကနေ ဩဂုတ်လအထိ ၈ လအတွင်း ပြည်ပခရီးသည် ဝင်ရောက်မှု ၇၆၀၀၀၀ ကျော်ရှိခဲ့ပြီး၊ ၂၀၂၄ ခုနှစ်မှာတော့ ဇန်နဝါရီကနေ ဩဂုတ်လအထိ ပြည်ပခရီးသည် ဝင်ရောက်မှု ၇ သိန်းခွဲကျော် ရှိပါတယ်။

၂၀၂၃ ခုနှစ် တနှစ်တာအတွင်း မြန်မာနိုင်ငံကို ပြည်ပခရီးသည် ဝင်ရောက်မှု  ၁ သန်းကျော် ရှိခဲ့တယ်လို့ သိရပါတယ်။ ၂၀၂၄ ခုနှစ် ပထမ ၅ လတာအတွင်း ပြည်ပ ခရီးသည် ၅ သိန်းကျော် ရှိခဲ့ပြီး အာဏာသိမ်း စစ်ခေါင်းဆောင်က မနှစ်ကထက် ပြည်ပခရီးသည် ပိုမို ဝင်ရောက်ဖို့ မျှော်လင့်ထားကြောင်း ပြောဆိုထားပါတယ်။ 

ဇွဲသစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013