DVB Logo
Home
မြန်မာသတင်း
အော်တိုတောင်စခန်းကို ချင်းပူးပေါင်းတပ်များ ပြန်သိမ်းပိုက်
DVB
·
December 9, 2024
အော်တိုတောင်စခန်းကို ချင်းပူးပေါင်းတပ်များ ပြန်သိမ်းပိုက်
Donate to DVB

ချင်းပြည်နယ်၊ ဟားခါးမြို့နဲ့ ထန်တလန်မြို့ကြားက အော်တိုတောင်စခန်းကို ချင်းပူးပေါင်းတပ်ဖွဲ့တွေက ဒီဇင်ဘာ ၈ ရက် ညနေပိုင်းမှာ အပြီးသတ် သိမ်းပိုက်လိုက်ပါတယ်။

ချင်းအမျိုးသားတပ်ဦး (CNF/CNA) အရာရှိတယောက်က “ကျနော်တို့တွေ ပြန်စွန့်လွှတ်ခဲ့ရတဲ့ ဟားခါးမြို့နဲ့ ထန်တလန်မြို့ကြားက အော်တိုတောင်စခန်းကို ပြန်လည်သိမ်းပိုက်ရရှိခဲ့တာပါ” လို့ ပြောပါတယ်။

ဟားခါးမြို့နဲ့ ထန်တလန်မြို့ကြားက စစ်ရေးအရ အလွန်အရေးပါတဲ့ အော်တိုတပ်စခန်းကို ပြီးခဲ့တဲ့ ဩဂုတ်လထဲမှာ ချင်းပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်နိုင်ခဲ့ပြီး အောက်တိုဘာထဲမှာ စစ်ကောင်စီတပ်က ပြန်လည်ရရှိသွားခဲ့ပြီးနောက် အခုတဖန် ပြန်သိမ်းပိုက်ရရှိခဲ့တာပါ။

ချင်းအမျိုးသားတပ်ဦး (CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက “မနက် ၆ နာရီလောက်ကနေ တနေကုန်နီးပါး အော်တိုကုန်းမှာရှိတဲ့ စစ်ကောင်စီစခန်းကို သိမ်းနိုင်ဖို့ စစ်ရေးဖော်ဆောင်ခဲ့တာ ညနေ ၃ နာရီခွဲလောက်မှာတော့ အဲဒီစခန်းထဲကို ဝင်စီးနိုင်ခဲ့တယ်ပေါ့။ တချို့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ထန်တလန်မြို့ထဲကို ထွက်ပြေးသွားကြတာတွေ ရှိတယ်။ ကျနော်တို့ဘက်က နယ်မြေရှင်းလင်းရေးတွေ ဆက်ပြီးလုပ်နေတယ်။ အထိအခိုက် အကျအဆုံးတွေကတော့ မသိသေးဘူးပေါ့။ နောက် ထန်တလန်ဘက်ကို ဆုတ်သွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုလည်း လိုက်ပြီး တိုက်ခိုက်နေလို့ တိုက်ပွဲကတော့ ဆက်ဖြစ်နေတယ်။ အဲဒီမှာ သူတို့ဘက်က ဂျက်ဖိုက်တာတွေ၊ Y12 လေယာဥ်တွေနဲ့ လေကြောင်းပစ်ကူတွေ ဆက်တိုက်လာနေတာမို့ သူတို့ဘက်ကို လိုက်ပြီး ချေမှုန်းရေးမှာတော့ ကျနော်တို့ဘက်က အခက်အခဲ တွေ့တာပေါ့နော်” လို့ DVB ကို ပြောပါတယ်။

ဒီဇင်ဘာ ၈ ရက် မနက်ပိုင်းကလည်း ဟားခါးမြို့အထွက် လွတ်လပ်ရေးကျောက်တိုင်အနီးက စစ်ကောင်စီတပ် ကာကင်းစခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ယောက် သေဆုံးကာ ၇ ယောက်ထက်မနည်း ဒဏ်ရာရရှိပြီး သေနတ် ၃ လက်နဲ့ ခဲယမ်းတချို့ကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

ချင်းပူးပေါင်းတပ်ဖွဲ့တွေဟာ ချင်းပြည်နယ်အတွင်း စစ်ကောင်စီကင်းစင်နယ်မြေ ဖြစ်ရေးအတွက် ဟားခါးနဲ့ ထန်တလန်မြို့တွေက ဗျူဟာကျတဲ့ စစ်ကောင်စီတပ်စခန်းတွေကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်သွားမှာဖြစ်ပြီး စစ်ကောင်စီဘက်ကလည်း ဟားခါးနဲ့ ထန်တလန်မြို့တွေ မကျဆုံးစေရေးအတွက် လေကြောင်းတိုက်ခိုက်မှုတွေကို ပြင်းပြင်းထန်ထန် ခုခံတိုက်ခိုက်နေတယ်လို့လည်း ဆိုပါတယ်။

ချင်းပြည်အစိုးရတပ်ဖွဲ့ဟာ နိုဝင်ဘာ ၂၂ ရက်ကစပြီး Jericho စစ်ဆင်ရေး အမည်နဲ့ ဟားခါး-ထန်တလန်ကြားက အကြမ်းဖက်စစ်ကောင်စီရဲ့ တပ်စခန်း ၈ ခုကို အားလုံး သိမ်းပိုက်ရရှိခဲ့လို့ ဟားခါးမြို့နဲ့ ထန်တလန်မြို့ကြားမှာ စစ်ကောင်စီ ကင်းစင်နယ်မြေ ဖြစ်သွားပြီလို့ CNF/CNA ကပြောပါတယ်။

ချင်းပြည်နယ်အတွင်းက စစ်ကောင်စီတပ်စခန်းတွေကို ချင်းပူးပေါင်းတပ်ဖွဲ့တွေက တခုပြီးတခု တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ပေမဲ့ စစ်ကောင်စီဘက်ကတော့ သူတို့တပ်စခန်းတွေ သိမ်းပိုက်ခံရတာနဲ့ ပတ်သက်ပြီး သတင်းထုတ်ပြန်လာတာ မတွေ့ရသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013