DVB Logo
Home
မြန်မာသတင်း
လုပ်ခတိုးတောင်းသဖြင့် အလုပ်ထုတ်ခံရသည့် အလုပ်သမားရာချီ အလုပ်သစ်ရရန် ခက်ခဲနေ
DVB
·
December 8, 2024
လုပ်ခတိုးတောင်းသဖြင့် အလုပ်ထုတ်ခံရသည့် အလုပ်သမားရာချီ အလုပ်သစ်ရရန် ခက်ခဲနေ
Donate to DVB

လုပ်ခတိုးမြှင့်ပေးဖို့တောင်းဆိုလို့ အလုပ်ထုတ်ခံရတဲ့  Yangon Nadia-Pacific အထည်ချုပ်စက်ရုံမှ အလုပ်သမားတွေအနေနဲ့ အလုပ်သစ်ရဖို့ အခက်အခဲတွေရှိနေတယ်လို့ အဲဒီအလုပ်သမားတွေဆီက သိရပါတယ်။

လိူင်သာယာစက်မှုဇုန် ၄ မှာ ဖွင့်လှစ်ထားတဲ့ Yangon Nadia-Pacific အထည်ချုပ်စက်ရုံမှ အလုပ်သမားတချို့က တရက် လုပ်ခ ၈၅၀၀ ကျပ် တိုးမြှင့်ပေးဖို့အတွက် နိုဝင်ဘာ ၂၇ နဲ့ ၂၈ ရက်တို့မှာ နာရီပိုင်း အလုပ်မလုပ်ဘဲ တောင်းဆိုခဲ့ကြပြီး နိုဝင်ဘာ ၂၉ ရက်မှာ တောင်းဆိုမှုမှာ ပါဝင်တဲ့ အလုပ်သမားတွေကို အလုပ်ထုတ်ခံလိုက်ရတာဖြစ်ပါတယ်။

အလုပ်ထုတ်ခံရသူ ၄၀၀ ကျော်ရှိပြီး အလုပ်ပြန်ခန်ဖို့ ညှိပေမဲ့ စက်ရုံဘက်က လက်မခံဘဲ နစ်နာကြေးပေးပြီး ထုတ်လိုက်တာလို့ ကာယကံရှင်အလုပ်သမားအချို့က ဆိုပါတယ်။

အလုပ်ထုတ်ခံရတဲ့အထဲ ပါဝင်တဲ့ စက်ရုံလုပ်သားတယောက်က “လုပ်သက်နှစ်အလိုက် လျော်ကြေးနဲ့ နို့တစ်ကြေးပဲပေးတယ်။ တခြားရပိုင်ခွင့်နစ်နာကြေးတွေ မပေးဘူး။ အခုတော့ စက်ရုံတရုံပြီး တရုံပတ်ပြီး အလုပ်ရှာနေကြရတာပေါ့။ အဆင်ပြေတဲ့သူလည်း ရှိတယ်။ အလုပ်မရလို့ အခက်ခဲကြုံနေသူတွေလည်း ရှိတယ်” လို့ ပြောပါတယ်။

အလုပ်သမားတွေအနေနဲ့ အလုပ်အသစ်ရှာရာမှာ Yangon Nadia-Pacific အထည်ချုပ်စက်ရုံက အလုပ်ထုတ်ခံရတဲ့သူဆိုတာ သိပြီးနောက် အလုပ်မခန့်တာမျိုးတွေ ရှိနေတယ်လို ကိုယ်တိုင်ကြုံရသူတွေက ပြောပါတယ်။

အလုပ်ကိုယ်တိုင်သွားလျှောက်ခဲ့သူတယောက်က “အဲဒီရုံတရုံဆို လူအရမ်းလိုနေတာ၊ လိုင်းအလိုက်ကို လိုနေတာ။ အဲဒါသွားလျှောက်တော့ တော်တော်နဲ့ အကြောင်းမပြန်ဘူး။ နောက်ဆုံး အဲဒီမှာလုပ်နေတဲ့ သူငယ်ချင်းတွေကတဆင့် စုံစမ်းကြည့်တော့  YNP စက်ရုံက အလုပ်ထုတ်လိုက်သူတွေမို့လို့ မခန့်တာလို့ သိရတယ်။ အလုပ်ထုတ်ခံရသူတွေ စာရင်းကို တခြားရုံတွေဆီ ဖြန့်ထားတာလား မပြောတတ်ဘူး” လို့ ပြောပါတယ်။

Yangon Nadia-Pacific အထည်ချုပ်စက်ရုံမှာ သက်တမ်း ၃ နှစ်လောက်ရှိပြီဖြစ်ကာ အလုပ်သမား ၁၀၀၀ ကျော်နဲ့ လည်ပတ်နေတာဖြစ်ပြီး ကိုရီးယားနိုင်ငံသား ပိုင်ဆိုင်တာလို့ အလုပ်သမားတွေဆီက သိရပါတယ်။

ပြည်တွင်းမှာ စက်ရုံလုပ်သားတွေအနေနဲ့ ၁ ရက်လုပ်ခ ၄၈၀၀ ကျပ်နဲ့ ထောက်ပံ့ကြေး ၂၀၀၀ ကျပ်နဲ့ လုပ်ကိုင်နေရပြီး မြင့်တက်လာတဲ့ ကုန်စျေးနှုန်းကြောင့် မလောက်ငတာကြောင့် ကျပ်တည်းမှုတွေ ကြုံနေပါတယ်။

အနည်းဆုံးလုပ်ခ တိုးမြှင့်ပေးဖို့ တောင်းဆိုမှုတွေရှိပေမဲ့ တိုးမြှင့်တာမရှိသလို တောင်းဆိုတဲ့ အလုပ်သမားတွေကို အလုပ်ထုတ်တာ၊ စစ်တပ် ခေါ်ပြီး ခြိမ်းခြောက်တဲ့ ဖြစ်စဥ်တွေလည်း ရှိနေတယ်လို့ အလုပ်သမားအရေးလှုပ်ရှားသူတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013