
ဧရာဝတီတိုင်း၊ ဖျာပုံမြို့၊ အမှတ် ၁ ရပ်ကွက်မှာ စစ်မှုထမ်းထောက်ပံ့ကြေးဆိုပြီး အုပ်ချုပ်ရေးမှူးက ကောက်ခံထားတဲ့ငွေတွေကို ပြည်သူတွေဆီ ပြန်ပေးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်မှုထမ်းထောက်ပံ့ကြေးခေါင်းစဉ်နဲ့ ငွေကောက်ခံထားတဲ့အကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ပြီးနောက် ငွေကောက်ခံထားတဲ့နေအိမ်တွေကို တအိမ်တက်ဆင်း အမှတ် ၁ ရပ်ကွက် အုပ်ချုပ်ရေးမှူး အောင်မင်းဦးက လိုက်လံပေးအပ်နေတာလို့ ဆိုပါတယ်။
စစ်မှုထမ်းတွေကို ထောက်ပံ့ပို့ဖို့ဆိုပြီး တအိမ်ထောင်က ငွေကျပ် ၂ သောင်းစီကို အုပ်ချုပ်ရေးမှူး အောင်မင်းဦး ကိုယ်တိုင် ကောက်ခံခဲ့တာဖြစ်ပြီး သတင်းတွေမှာပါလာတာကြောင့် အခုပြန်ပေးနေတယ်လို့ ဖျာပုံမြို့ အမှတ် ၁ ရပ်ကွက်နေ အမည်မဖော်လိုသူတယောက်က DVB ကို ပြောပါတယ်။
ဒီဇင်ဘာ ၆ ရက်နေ့မှာပဲ တအိမ်တက်ဆင်းလိုက်ပေးပြီး ငွေလက်ခံရရှိကြောင်း လက်မှတ်တွေပါ ထိုးခိုင်းတယ်လို့ သူက ဆိုပါတယ်။
ဧရာဝတီတိုင်းတွင်းက မြို့နယ်၊ ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူး အများစုဟာ စစ်မှုထမ်းမပါဝင်တဲ့ ပြည်သူတွေဆီက ငွေကြေးကောက်ခံတာတွေရှိပေမယ့် ဖျာပုံမြို့ အမှတ် ၁ ရပ်ကွက်မှာပဲ ကောက်ခံထားတဲ့ငွေကြေးကို တအိမ်တက်ဆင်း ပြန်ပေးတာကြုံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။