DVB Logo
Home
မြန်မာသတင်း
ဘူးသီးတောင်နှင့် မောင်တောတွင် ARSA အဖွဲ့က အရပ်သား ၂ ဦးကို သတ်ဖြတ်
DVB
·
December 6, 2024
ဘူးသီးတောင်နှင့် မောင်တောတွင် ARSA အဖွဲ့က အရပ်သား ၂ ဦးကို သတ်ဖြတ်
Donate to DVB

ရခိုင်ပြည်နယ်ရဲ့ မြောက်ဘက်အစွန်းဆုံးမြို့နယ်တွေဖြစ်ကြတဲ့ ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တို့မှာ ဒီဇင်ဘာ ၄ ရက် တရက်တည်းမှာ မွတ်ဆလင်လက်နက်ကိုင်အဖွဲ့ (ARSA) က ပစ်ခတ်သတ်ဖြတ်မှုကြောင့် အရပ်သား ၂ ယောက် သေဆုံးပြီး နောက်ထပ် ၃ ယောက်လည်း ဖမ်းဆီးခံထားရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ARSA အဖွဲ့ဟာ ဒီဇင်ဘာ ၄ ရက် ညက ဘူးသီးတောင်မြို့နယ်၊ ဆင်စွယ်ရကျေးရွာကို သေနတ်ပစ်ခတ် ဝင်ရောက်စီးနင်းခဲ့ပြီး အသက်မပြည့်သေးတဲ့ အမျိုးသမီးငယ်တယောက်ကို သတ်ဖြတ်ခဲ့သလို နောက်ထပ် အမျိုးသား ၃ ယောက်ကိုလည်း ဖမ်းဆီးသွားပြီးတော့ နေအိမ်တချို့ကိုလည်း မီးရှို့ဖျက်ဆီးသွားတယ်လို့ ဘူးသီးတောင် ဒေသခံတယောက်က ပြောပါတယ်။

“ဆင်စွယ်ရကျေးရွာကို ည ၁၁ နာရီလောက်မှာ ARSA အဖွဲ့က သေနတ်တွေပစ်ဖောက်ပြီး ဝင်လာတာ။ အဲဒီမှာ ၁၇ နှစ်အရွယ် အမျိုးသမီးငယ်တဦးကို ဓားနဲ့ခုတ်သတ်ခဲ့ပြီး နောက်ထပ် အမျိုးသား ၃ ဦးကို ဖမ်းဆီးသွားတယ်။ ကျေးရွာက လူနေအိမ် ၅ ဆောင်ထက်မနည်းကို မီးရှို့ဖျက်ဆီးခဲ့တာတွေ ရှိတယ်။ မေယုတောင်တန်းအောက်မှာရှိတဲ့ ကျေးရွာတွေကတော့ ARSA ရဲ့ အန္တရာယ် တော်တော်လေးကို စိုးရိမ်ရတဲ့ အခြေအနေမှာရှိတယ်။”

လက်ရှိမှာ ARSA အဖွဲ့က ဖမ်းဆီးသွားတဲ့ ကျေးရွာသား ၃ ယောက်ကို အာရက္ခတပ်တော်နဲ့ ကျေးရွာသားတွေ ပူးပေါင်းပြီး လိုက်လံရှာဖွေနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ARSA အဖွဲ့က ကျေးရွာအတွင်းကို ဝင်ရောက်ပစ်ခတ်မှုတွေကြောင့် သေဆုံးသွားတဲ့ အမျိုးသမီးငယ်မှာ မခင်ဝင်း (၁၇ နှစ်) ဖြစ်ပြီး ကိုရဲကိုကို (၂၆ နှစ်)၊ ကိုမောင်မောင်ဌေး (၂၆ နှစ်) နဲ့ ဦးဦးလှဝင်း (၃၉ နှစ်) တို့ကိုလည်း ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

ဒ့ါအပြင် ဒီဇင်ဘာ ၄ ရက်နေ့မှာပဲ မောင်တောမြို့နယ် အောင်ဇေယျကျေးရွာသားတယောက် ကိုလည်း မွတ်ဆလင်လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ ARSA အဖွဲ့က သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အောင်ဇေယျကျေးရွာက အသက် ၆၂ နှစ်အရွယ်ရှိတဲ့ ဦးကျော်သာအောင်ဟာ နွားကျောင်းနေစဉ် ညနေ ၅ နာရီခန့်မှာ ARSA အဖွဲ့က ပစ်ခတ်သတ်ဖြတ်ခဲ့တာလို့ မောင်တောဒေသခံတွေက ပြောပါတယ်။

ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တို့မှာ မွတ်ဆလင်လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ ARSA အဖွဲ့က မကြာခဏ ခြုံခိုတိုက်ခိုက်နေတာကြောင့် အရပ်သားတွေဟာလည်း ထိခိုက်သေဆုံးမှုတွေ ရှိနေပါတယ်။

မောင်တောနဲ့ ဘူးသီးတောင်ဒေသမှာ ARSA အဖွဲ့ကို နိုင်နိုင်နင်းနင်း မရှင်းလင်းနိုင်ရင် ဒေသခံတွေဟာ မကြာခဏဆိုသလို သတ်ဖြတ်ခံရနိုင်တာကြောင့် AA အနေနဲ့ နိုင်နိုင်နင်းနင်း ရှင်းလင်းနိုင်ဖို့ အရေးကြီးတယ်လို့ မောင်တောဒေသခံတယောက်က ပြောပါတယ်။

“မောင်တောနဲ့ ဘူးသီးတောင်မှာက ARSA သတ်ဖြတ်နေတာ ဒီတခါတည်း မဟုတ်တော့ဘူး။ လတိုင်းလိုလိုမှာ ARSA အဖွဲ့က ဒေသခံတွေနဲ့ ခရီးသွားကုန်သည်တွေကို မကြာခဏ ခြုံခိုတိုက်ခိုက်တာကြောင့် သေဆုံးမှုက အမြဲရှိနေကြတာ။ AA အနေနဲ့ ဒီလို အကြမ်းဖက်မှုတွေကို နိုင်နိုင်နင်းနင်း ရှင်းလင်းနိုင်ဖို့ အရေးကြီးတယ်။ အဲဒီအခါမှ ပြည်သူတွေရဲ့ အသက်အိုးအိမ်က လုံခြုံမှုရှိနိုင်မယ်။”

မောင်တောမြောက်ပိုင်းရှိ တောင်ပြိုလက်ဝဲမြို့နဲ့ ကြိမ်ချောင်းလမ်းပိုင်းမှာလည်း ARSA အဖွဲ့က မကြာခဏဆိုသလို ခြုံခိုတိုက်ခိုက်တာကြောင့် အရပ်သားတွေနဲ့ ကုန်သည်တွေ ထိခိုက်သေဆုံးနေကြတာတွေ ရှိကြပါတယ်။

ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်အတွင်း တိုက်ပွဲတွေမှာ မွတ်ဆလင်လက်နက်ကိုင်အဖွဲ့တွေ ဖြစ်ကြတဲ့ ARSA၊ RSO၊ ARA အဖွဲ့တွေဟာ စစ်ကောင်စီနဲ့အတူပူးပေါင်းပြီး အာရက္ခတပ်တော်ကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

ဒ့ါအပြင် ရခိုင်တိုက်ပွဲ တနှစ်အတွင်းမှာ မွတ်ဆလင်လက်နက်ကိုင်တွေရဲ့ သတ်ဖြတ်မှုကြောင့် အရပ်သားသား ၂၂ ယောက် သေဆုံးပြီး နောက်ထပ် ၆ ယောက်ဟာလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြတယ်လို့ အာရက္ခတပ်တော်ရဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013