DVB Logo
Home
မြန်မာသတင်း
ပဲခူးရိုးမထဲ စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲခံရ၊ ပေါင်းတည်တွင် အုပ်ချုပ်ရေးမှူး သားအဖ ပစ်သတ်ခံရ
DVB
·
December 6, 2024
ပဲခူးရိုးမထဲ စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲခံရ၊ ပေါင်းတည်တွင် အုပ်ချုပ်ရေးမှူး သားအဖ ပစ်သတ်ခံရ
Donate to DVB

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ္တလင်းမြို့နယ်အပိုင် ပဲခူးရိုးမထဲ စစ်ကြောင်းထိုး ချီတက်လာတဲ့ အင်အား ၄၂ ယောက်ပါ စစ်ကောင်စီစစ်ကြောင်းကို တောင်ကျစမ်းအထက်ရှိ ပြောင်တောင်ခြေရင်းမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃ ရက် နေ့လယ်က မိုင်းဆွဲတိုက်ခိုက်ရာ ၂ ယောက်သေဆုံးပြီး ၂ ယောက် ဒဏ်ရာရရှိသွားကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၂ Phoenix DF တပ်ဖွဲ့ထံက သိရပါတယ်။

ပဒေသာမိုင်း ၂ လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ယောက် သေဆုံးတာကို မျက်မြင်တွေ့ရှိခဲ့ကြောင်း ၃၈၀၁ တပ်ရင်းမှူး ဗိုလ်မိုးကြိုးက ပြောပါတယ်။

“မိုင်းဆွဲခံရပြီးတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အဲဒီနားမှာပဲ တညအိပ်သွားတယ်။ အလောင်းတွေကိုလည်း တောထဲမှာပဲ ဖျောက်ခဲ့တယ်။ ဒဏ်ရာရတဲ့ နှစ်ယောက်ကတော့ သူတို့ပြန်တဲ့လမ်းကြောင်းက ပြည်သူတွေပြောပြလို့ သိရတယ်။ ဒဏ်ရာဗလပွ ပတ်တီးအဖွေးသားနဲ့ ပြန်ခေါ်သွားတာတဲ့။”

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂ ရက်ကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပစ်ခတ်တဲ့ လက်နက်ကြီး နတ္တလင်းမြို့နယ် ဆီဆုံကုန်းရွာအတွင်း ကျရောက်ပေါက်ကွဲပြီး အသက် ၃၈ နှစ်အရွယ် မစိုးစိုး ဆိုသူ အမျိုးသမီး‌တယောက် သေဆုံးပြီး အသက် ၂ နှစ်အရွယ် ကလေးငယ်တယောက် အပါအဝင် ၈ ယောက် ဒဏ်ရာရခဲ့ကြောင်း ဗိုလ်မိုးကြိုးက ဆက်ပြောပါတယ်။

“ဒဏ်ရာရတဲ့သူတွေကတော့ ဆေးရုံတွေမှာ ဆေးကုသနေတယ်လို့ သိရပါတယ်။ စစ်ကောင်စီကတော့ ဒီပစ်ခတ်မှုမှာ ထိခိုက်ဒဏ်ရာရတာက ပြည်သူတွေမဟုတ်ဘဲ PDF တွေဆိုပြီး သတင်းအမှားလွှင့်နေတယ်။ ခု ရွာသားတွေလည်း အကုန်ထိတ်လန့်နေကြတယ်။”

ပဲခူးတိုင်း အနောက်ခြမ်း၊ သာယာဝတီခရိုင်အတွင်းရှိ ပဲခူးရိုးမကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက စိုးမိုးထားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက နယ်မြေရှင်းလင်းနိုင်ဖို့ မကြာခဏ စစ်ကြောင်းထိုး ချီတက်လာပေမဲ့ အောင်မြင်မှုမရှိဘဲ ထိခိုက်ကျဆုံးများပြီး ပြန်လည်ဆုတ်ခွာနေရပါတယ်။

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ ဆင်လူးအုပ်စု အုပ်ချုပ်ရေးမှူး ခင်ထွဋ်နဲ့ သားဖြစ်သူ အောင်ဇော်ထွဋ် တို့ကို ပစ်ခတ်ရှင်းလင်းလိုက်ကြောင်း ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ တပ်ခွဲ ၅ က ဒီဇင်ဘာ ၆ ရက် ဒီနေ့ သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃ ရက် ည ၈ နာရီလောက်က အုပ်ချုပ်ရေးမှူး ခင်ထွဋ်ကို အဓိကပစ်မှတ်ထားပြီး သူ့နေအိမ်မှာ သွားရောက်ပစ်ခတ်ခဲ့ပြီး အုပ်ချုပ်ရေးမှူးရဲ့သားက တော်လှန်ရေးရဲဘော်တွေရဲ့ သေနတ်ကို ဝင်ရောက်လုယူမှုကြောင့် သားဖြစ်သူကိုပါ ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ၃၆၀၁ PPDF တပ်ရင်း စစ်ထောက်လှမ်းရေးနှင့် သတင်းပြန်ကြားရေး တာဝန်ရှိသူက ပြောပါတယ်။

“အဲဒီအုပ်ချုပ်ရေးမှူးကိုတော့ တိုက်ရိုက်သတိပေးတာတွေ မလုပ်ပေမဲ့ ထုတ်ပြန်ချက်တွေထဲမှာတော့ အုပ်ချုပ်ရေးမှူးတွေ နုတ်ထွက်ဖို့၊ ပြည်သူနဲ့ပူးပေါင်းဖို့၊ စစ်တပ်အလိုကျ ပြည်သူတွေကို အနိုင်မကျင့်ဖို့ အုပ်ချုပ်ရေးမှူးတွေကို သတိပေးထားတယ်။ မလိုက်နာလို့ ခုလိုအရေးယူရတာ။”

အဲဒီ အုပ်ချုပ်ရေးမှူးသားအဖ အလောင်းကို ဒီဇင်ဘာ ၄ ရက် မနက်ပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ကားနှစ်စီးနဲ့ လာရောက်သယ်ယူသွားကြောင်း ဒေသခံတယောက်က ပြောပါတယ်။

“စစ်တာ ဆေးတာတွေတော့ လုပ်ပါတယ်။ ဖမ်းသွားတာတော့ မရှိပါဘူး။ သူ့သားကလည်း ရာအိမ်မှူးလုပ်ပါတယ်။”

အုပ်ချုပ်ရေးမှူး ခင်ထွဋ်ဟာ စစ်တပ်အာဏာသိမ်းပြီးမှ အုပ်ချုပ်ရေးမှူး ဖြစ်လာခဲ့ပြီးနောက် PDF တွေ လာခဲ့ ဆိုပြီး ကြိမ်းမောင်းခဲ့သလို ဆင်လူးအုပ်စုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပေါင်းပြီး ပြည်သူတွေကို PDF တွေနဲ့ ဆက်သွယ်တယ်ဆိုပြီး ဖမ်းဆီးတာကြောင့် တချို့ရွာသားတွေ ရှောင်တိမ်းနေရပါတယ်။

အုပ်ချုပ်ရေးမှူး ခင်ထွဋ်နဲ့ သူ့သား အောင်ဇော်ထွဋ်တို့ဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပေါင်းပြီး စစ်မှုထမ်းဖို့ လိုက်လံဖမ်းဆီးတာ၊ ငွေကြေးကောက်ခံတာ၊ သန်းခေါင်းစာရင်း ကောက်ခံတာတွေ လုပ်ဆောင်နေကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပဲခူးတိုင်းအနောက်ခြမ်းက မြို့နယ်တွေမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်းက တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ပစ်ခတ်မှုကြောင့် အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ပျူစောထီးနဲ့ စစ်တပ်သတင်းပေး ဆိုသူ ၁၂‌ ယောက်ထက်မနည်း ‌သေဆုံးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013