
ရှမ်းပြည်နယ်မြောက်ပိုင်းရှိ လားရှိုး-နမ္မတူ လမ်းပိုင်းက အီနိုင်းတံတားကို ပြုပြင်နေတာကြောင့် လက်ရှိမှာ ဖောင်နဲ့ဖြတ်သန်းနေရပြီး ကားတစီးကို ဖောင်စီးခ ကျပ် ၂ သိန်းနီးပါး ပေးနေဆောင်ရတယ်လို့ မန္တလေး - လားရှိုး ခရီးသည်တင်ယာဥ်လိုင်းမောင်းနှင်သူတွေထံက သိရပါတယ်။
အီနိုင်းတံတားကိုတော့ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၈ ရက်နေ့က စတင်ပြုပြင်နေတာကြောင့် လက်ရှိမှာ ဖောင်ကူးခအဖြစ် ကားအမျိုးအစားအပေါ်မူတည်ကာ ဖြတ်သန်းခပေးနေရတာပါ။
နမ္မတူ - သီပေါလမ်းပိုင်းရှိ မိုးတေတံတားမှာလည်း သွားလာလို့ မရသေးဘူးလို့ မန္တလေး-လားရှိုး ခရီးသည်တင်ယာဉ်မောင်း တယောက်က ပြောပါတယ်။
"တံတားကပြင်နေတော့ ဖောင်နဲ့ပဲကူးနေရတာပေါ့။ ကားအမျိုးအစားအပေါ်မူတည်ပြီး ဖောင်ကူးခကို တောင်းတာ။ ကျနော့်ကားက ကျပ် ၁၈၀၀၀၀ တောင်ပေးရတယ်။ တချို့အိမ်စီးကားတွေ ဆိုလည်း အနည်းဆုံး ကျပ် ၁၅၀၀၀၀ ထိပေးရတာ။ အသွားရော အပြန်ရောပေးရတာ။ တော်တော်လေးကို အခက်တွေ့တာပေါ့။"
ဒါ့အပြင် ဆိုင်ကယ်တစီးကို ကျပ် ၃၀၀၀ နဲ့ လူစီးခ ကျပ် ၁၀၀၀ သတ်မှတ်ထားကာ အသွားအပြန်အတွက် ကျပ် ၈၀၀၀ ပေးဆောင်နေရကြောင်းနဲ့ ဖောင်ကူးသူများနေချိန်မှာ ငွေပိုပြီးပေးနိုင်သူကိုသာ ဦးစားပေးတင်ဆောင်နေကြောင်း အီနိုင်းမြို့ခံတွေက ပြောပါတယ်။
အီနိုင်းတံတားမှာ လားရှိုး--နမ့်ဆန်၊ လားရှိုး--နမ္မတူ၊ လားရှိုး--မန်တုံမြို့တို့ကိုအဓိက ဆက်သွယ်ပေးထားတဲ့ကုန်သွယ်ရေးနဲ့ ခရီးသွားလာရေး၊ ကျန်းမာရေး၊စာရေးနေရေးအတွက် အလွန်အရေးပါတဲ့ တံတားဖြစ်ပါတယ်။
လက်ရှိ ရှမ်းပြည်နယ်မြောက်ပိုင်းရဲ့ လမ်းပိုင်း အခြေအနေမှာ ကျောက်ဂူ - အင်တောလမ်းမှာ တံတား ၂ စင်း၊ ဆီဆိုင်မြို့၊ ဂနိုင်ရွာအနီး တံတား တစင်းနဲ့ KBZ သရက်ခြံအနီး တံတား တစင်းကျိုးကျနေကြောင်းနဲ့ ဗထူး - ရပ်စောက်လမ်းပိုင်းမှာလည်း သွားလာလို့မရသေးကြောင်း ခရီးသည်တင်ယာဥ်လိုင်းမောင်းနှင်သူတွေဆီက သိရပါတယ်။