DVB Logo
Home
မြန်မာသတင်း
စစ်အာဏာရှင်လက်ထက် မြန်မာ့ ခရီးသွားလုပ်ငန်း နာလန်မထူ 
DVB
·
December 6, 2024
စစ်အာဏာရှင်လက်ထက် မြန်မာ့ ခရီးသွားလုပ်ငန်း နာလန်မထူ 
Donate to DVB

ကိုဗစ်ရောဂါကပ်ဘေးအလွန်ကာလမှာ အိမ်နီးချင်းနိုင်ငံတွေ အပါအဝင် ကမ္ဘာတဝန်းမှာ ခရီးသွားကဏ္ဍ ပြန်လည်ဦးမော့လာပေမဲ့ စစ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာတော့ အာဏာသိမ်းပြီးကတည်းက နိုင်ငံခြားခရီးသွားလာရောက်မှု တနှစ်ထက်တနှစ် လျော့နည်း ကျဆင်းလာပြီး ပြည်တွင်းခရီးသွားကဏ္ဍ နာလန်မထူနိုင် ဖြစ်နေပါတယ်။

၂၀၂၄ ခုနှစ် ဇနနဝါရီလကနေ စက်ဝင်ဘာလအထိ ၉ လအတွင်းမှာ မြန်မာနိုင်ငံကို ပြည်ပခရီးသွား ၄၇၀,၀၀၀ ကျော်သာ ဝင်ရောက်ခဲ့ပြီး လွန်ခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ အလားတူကာလမှာတော့ ပြည်ပခရီးသွား ၉၀၀,၀၀၀ နီးပါး ဝင်ရောက်ခဲ့တာကြောင့် ဒီနှစ်မှာ ပြည်ပခရီးသွားလာရောက်မူ ထက်ဝက်နီးပါး လျော့ကျသွားတာကို စစ်ကောင်စီ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနရဲ့ ကိန်းဂဏန်းအချက်အလက်တွေအရ သိရပါတယ်။

ပြည်တွင်း ခရီးသွားလုပ်ငန်းရှင်တယောက်က “၂၀၂၄ ခုနှစ် အစောပိုင်းလတွေမှာ နိုင်ငံခြားခရီးသွား ဝင်ရောက်မှုက ပြန်မြင့်လာတာတွေ့တယ်။ ဒါပေမဲ့ နောက်ပိုင်းလတွေမှာကျတော့ ပြန်လျော့ကျသွားတယ်။ အခု ခရီးသွားရာသီမှာလည်း ကျနော်တို့ မျှော်မှန်းထားသလောက် မရောက်လာဘူး” လို့ ပြောပါတယ်။

လက်ရှိမှာ နယ်စပ်က ခရီးသွားဝင်ရောက်မှု နည်းပါးနေဆဲဖြစ်ပြီး လေကြောင်းခရီးစဉ်ဈေးနှုန်း ကြီးမြင့်မှုတွေ၊ ပြည်တွင်းနိုင်ငံရေးအရ လုံခြုံရေးစိုးရိမ်မှုတွေကြောင့် လေဆိပ်ကနေ ပြည်ပခရီးသွားဝင်ရောက်မှုကလည်း လျော့ကျနေဆဲပဲလို့ ခရီးသွားလုပ်ငန်းရှင်တွေက ဆိုပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးမတည်ငြိမ်တာ၊ နိုင်ငံအနှံ့ လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပေါ်နေတာကြောင့် နိုင်ငံတော်တော်များများက သူတို့နိုင်ငံသားတွေကို မြန်မာနိုင်ငံ မသွားကြဖို့ ခရီးသွားအကြံပြုချက်တွေ ထုတ်ထားကြတဲ့ အခြေအနေ‌တွေကြောင့် အခုလို ကမ္ဘာလှည့် ခရီးသည် တနှစ်ထက်တနှစ် လျော့နည်းကျဆင်းလာရတာ ဖြစ်ပါတယ်။

စစ်ကောင်စီအနေနဲ့ကတော့ ပြည်ပခရီးသွားဝင်ရောက်မှု ပြန်လည်တိုးတက်စေရေး သူတို့နဲ့ ဆက်ဆံရေးကောင်းမွန်တဲ့ နိုင်ငံတွေဖြစ်တဲ့ တရုတ်၊ ရုရှားနဲ့ ထိုင်းနိုင်ငံက ခရီးသွား ဧည့်သည်တွေကို နည်းမျိုးစုံနဲ့ ဆွဲဆောင်ခဲ့သလို ဗီဇာ ဖြေလျှော့ပေးတာတွေလည်း လုပ်ခဲ့ပါတယ်။

ဒါပေမဲ့ ပြည်ပခရီးသွားဝင်ရောက်မှုက ကိုဗစ်မတိုင်ခင် ၂၀၁၉ ခုနှစ်မှာတော့ ၄ သန်းခွဲ ဝန်းကျင်ထိ ရှိခဲ့ပြီး ၂၀၂၃ ခုနှစ်မှာ ၁ သန်းဝန်းကျင် ရှိခဲ့ပါတယ်။

အခုနှစ် ပထမ ၉ လမှာတော့ ပြည်ပခရီးသွား ဝင်ရောက်မှုက ၂၀၂၉ ခုနှစ်က ဝင်ရောက်ခဲ့တဲ့ ပမာဏရဲ့ ၁၀ ရာခိုင်နှုန်းဖြစ်တဲ့ ၄ သိန်းကျော် ၅ သိန်းဝန်းကျင်သာ ဝင်ရောက်ထားတာ တွေ့ရပါတယ်။

အခုနှစ်မှာ မြန်မာနိုင်ငံကို တရုတ်နဲ့ ထိုင်းနိုင်ငံသား ခရီးသွားဧည့်သည်တချို့ ဝင်ရောက်ခဲ့ပြီး တခြားနိုင်ငံသား ခရီးသွားဧည့်သည် ဝင်ရောက်မှုကတော့ အနည်းအကျဉ်းသာ ရှိခဲ့တယ်လို့ ခရီးသွားလုပ်ငန်း အသိုင်းအဝိုင်းက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013