
ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှု ဖြစ်စဉ်မှာ အမုန်းစကားပျံ့နှံ့စေမှုစွဲချက်နဲ့ အမေရိကန် ဒေါ်လာ ၁၅၀ ဘီလီယံ လျော်ကြေးပေးဖို့ Facebook ရဲ့ပိုင်ရှင် Meta ကုမ္ပဏီထံ တောင်းဆိုထားတဲ့အမှုနဲ့ ပတ်သက်ပြီး တရားလို ရိုဟင်ဂျာဒုက္ခသည်တွေဘက်က အယူခံလျှောက်ထားတယ်လို့ သိရပါတယ်။
ရိုဟင်ဂျာလူမျိုးတုံး သတ်ဖြတ်ခံရမှုဖြစ်စဉ်မှာ Meta ကုမ္ပဏီရဲ့ ပေါ့လျော့မှုနဲ့ တာဝန်မကင်းမှုအတွက် တရားစွဲဆိုထားတဲ့အမှုကို ပယ်ချခဲ့တာနဲ့ပတ်သက်ပြီး တရားရုံးရဲ့ စီရင်ချက်ကို ပြန်လည်ပြင်ဆင်ပယ်ဖျက်ပေးဖို့ ရိုဟင်ဂျာဒုက္ခသည်တွေက အယူခံဝင် လျှောက်ထားခဲ့တာလို့ Courthouse News Service အမေရိကန်သတင်းဌာနမှာ ဒီဇင်ဘာ ၃ ရက်က ဖော်ပြပါတယ်။
ရိုဟင်ဂျာတွေ ရက်ရက်စက်စက် လူမျိုးတုံးသတ်ဖြတ်ခံရအောင် သွေးထိုးလှုံ့ဆော်ခဲ့တဲ့ အမုန်းစကားတွေကို တားဆီးပေးဖို့ ပျက်ကွက်ခဲ့မှု စွပ်စွဲချက်နဲ့ Facebook ရဲ့မိခင်ကုမ္ပဏီဖြစ်တဲ့ Meta ကုမ္ပဏီကို တရားစွဲဆိုထားခဲ့တာဖြစ်ပြီး တရားလိုတွေရဲ့ တရားစွဲဆိုရေး လုပ်ငန်းစဉ်ဟာ ဥပဒေအရ သတ်မှတ်ထားတဲ့ အချိန် ၂ နှစ်တာကာလထက် ကျော်လွန်သွားတဲ့အတွက် တရားရုံးက ဒီအမှုကို အခုနှစ်၊ ဇန်နဝါရီလမှာ ပယ်ချထားခဲ့တာ ဖြစ်ပါတယ်။
အခုအခါမှာ Edelson PC ဥပဒေအကျိုးဆောင်ကုမ္ပဏီက တရားလိုရှေ့နေ ရော်ဂျာပါးလ်စတက်ဒ်က ဒီအမှုနဲ့ ပတ်သက်တဲ့ စီရင်ချက်ကို ပြန်လည်ပြင်ဆင်ပေးဖို့နဲ့ အထက်တရားရုံးရဲ့ လက်အောက်ခံ တရားရုံးတွေမှာ အမှုကို ဆက်လက်ကြားနာခွင့်ပြုဖို့ Ninth Circuit အယူခံတရားရုံးက တရားသူကြီးအဖွဲ့ကို ရိုဟင်ဂျာဒုက္ခသည်တွေ ကိုယ်စား လျှောက်ထားခဲ့ပါတယ်။
တရားစွဲဆိုမှုမှာ Facebook ရဲ့ ကွန်ပျူတာစနစ် အယ်လ်ဂိုရီသမ်တွေဟာ ရိုဟင်ဂျာလူမျိုးတွေအပေါ် လူမျိုးတုံး သတ်ဖြတ်မှုကို အားပေးလှုံ့ဆော်ရာရောက်တဲ့ ဝါဒဖြန့် အမုန်းစကားတွေကို ပိုမို ပျံ့နှံ့စေခဲ့ပြီး ဒီကိစ္စကို ဟန့်တား နိုင်ဖို့အတွက် ကုမ္ပဏီအနေနဲ့ သက်ဆိုင်ရာ ဒေသဘာသာစကားနဲ့ နိုင်ငံရေးအနေအထားကို နားလည်သိကျွမ်းတဲ့ ကြားဝင် ဖျန်ဖြေပေးသူတွေနဲ့ အချက်အလက် မှန်၊ မမှန် စစ်ဆေးပေးသူတွေကို ငှားရမ်းဖြေရှင်းဖို့ ပျက်ကွက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒါကြောင့် လူမျိုးတုံး သတ်ဖြတ်ခံရမှုဖြစ်စဉ်မှာ Facebook ဟာ နည်းပညာပိုင်းနဲ့ ရုပ်ဝတ္ထုပိုင်းဆိုင်ရာအရ ပါဝင် ပတ်သက်နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ရိုဟင်ဂျာတွေ သေဆုံးဒဏ်ရာရရှိမှု၊ နစ်နာပျက်စီး ဆုံးရှုံးရမှုတွေအတွက် အမေရိကန် ဒေါ်လာ ၁၅၀ ဘီလီယံ လျော်ကြေးပေးသွားဖို့ ရိုဟင်ဂျာဒုက္ခသည်တွေက ၂၀၂၂ ခုနှစ်အစောပိုင်းမှာ Facebook ကုမ္ပဏီကို တရားစွဲဆိုထားခဲ့တာပါ။
ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးမစ်ရှင် ဥက္ကဋ္ဌကလည်း ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်ခံရမှုမှာ Facebook ဟာ အဓိက လူမှုမီဒီယာပလက်ဖောင်းတခုအနေနဲ့ အခြေခံကျကျ ပါဝင်ပတ်သက်နေတယ်လို့ မကြာသေးခင်က ပြောဆိုထားပါတယ်။
Meta ကုမ္ပဏီကိုယ်စားပြုရှေ့နေ့ ခရစ်စတင်လင်းစလေကတော့ တရားစွဲဆိုမှုနဲ့ပတ်သက်ပြီး ဥပဒေအရ သတ်မှတ်ထားတဲ့ အချိန်ဟာ ကျော်လွန်သွားပြီဖြစ်တဲ့အတွက် တရားလိုတွေရဲ့ လျှောက်လဲချက်တွေဟာ တရားဝင်မှု မရှိတဲ့အကြောင်း၊ တခြားတစုံတယောက်ရဲ့ လုပ်ရပ်ကြောင့် ထိခိုက်နစ်နာမှုရှိတယ်လို့ သံသယရှိရင် တရားလိုတွေအနေနဲ့ အမေရိကန်ထဲကို ခြေချချိန်ကစပြီး အဲဒီကိစ္စကို ဥပဒေကြောင်းအရ တရားဝင် စုံစမ်းစစ်ဆေးသွားဖို့ တာဝန်ရှိတဲ့ အကြောင်း ခုခံခြေပ ပြောဆိုထားပါတယ်။
ဒါ့အပြင် တရားလိုတွေဟာ သူတို့ရဲ့စွပ်စွဲချက်အတွက် တရားဝင် စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့တာမျိုးလည်း မရှိဘူးလို့ သူက ထောက်ပြထားပါတယ်။
ကယ်လီဖိုးနီးယား Circuit အယူခံတရားရုံးက တရားသူကြီးတွေကတော့ ဒီအမှုနဲ့ပတ်သက်ပြီး ဂယက်ရိုက်မှုတွေ ကြီးထွားလာမှာကို စိုးရိမ်နေပါတယ်။
၂၀၁၇ ခုနှစ်ကစပြီး မြန်မာစစ်တပ်ရဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေကြောင့် ရိုဟင်ဂျာလူမျိုး ၂၅,၀၀၀ ကျော် သေဆုံး ခဲ့ရပြီး လူပေါင်း ၇၄၀,၀၀၀ ကျော်ဟာ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခဲ့ရပါတယ်။
Source: Courthouse News Service










