
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့ပေါ်ကနေ ထွက်ပြေးလာတဲ့ မကွေး ကပစ ၈၉ စစ်ကောင်စီတပ်ရင်းမှ တပ်သားတယောက်ကို ဒီဇင်ဘာ ၃ ရက်မှာ အရှင်ဖမ်းဆီးရမိထားတယ်လို့ ချင်းတွင်းကာကွယ်ရေးအထူးတပ်ဖွဲ့ (CDF)က ထုတ်ပြန်ပါတယ်။
တပ်သား မိုးမင်းအောင်ဟာ ပုလဲမြို့ လဝကရုံးကနေ တာဝန်ထမ်းဆောင်ရင်း ထွက်ပြေးလာချိန် ဆားလင်းကြီးမြို့နယ်တနေရာမှာ ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး ဆားလင်းကြီးမြို့နယ် ပြည်သူ့လုံခြုံရေး(ပလဖ)ထံ အပ်နှံ လိုက်တယ်လို့ ဆိုပါတယ်။
ချင်းတွင်းကာကွယ်ရေးအထူးတပ်ဖွဲ့ (CDF) တာဝန်ခံ ရဲဘော်အငယ်ကောင်က “သူ့မှာက ဖုန်းတလုံးပဲ ပါလာတာပါ။ ကျနော်တို့ စစ်ဆေးရေးဂိတ်မှာ ရောက်လာတာပါ။ မေးကြည့်မှ ပုလဲလဝကရုံးကနေ ထွက်ပြေးလာတာလို့ ပြောတာပါ။ ခု တပ်သား ပြောကြားချက်ကတော့ သူကတော့ စစ်မှုထမ်းဖို့ မဲပေါက်တာလို့ ပြောပါတယ်။ သူ့လိုလူ ၅၀ လောက် ပုလဲ(--)စခန်းမှာ ပါလာတယ်လို့ ပြောပါတယ်။ ခုလက်ရှိ ပုလဲ(--)တွေကတော့ စခန်းကထွက်လိုက် မီးရှို့လိုက် လုပ်နေတာပါ။”
တပ်သား မိုးမင်းအောင်ဟာ စစ်မှုထမ်းစာရင်း မဲပေါက်ပြီးတဲ့နောက် တပ်သားသစ်အဖြစ် စုဆောင်းခံရပြီး ကလေးမြို့အခြေစိုက် ခလရ ၈၉ တပ်ရင်းမှာ ၃ လ သင်တန်း တက်ရောက်ခဲ့ကာ ပုလဲမြို့တိုက်ပွဲပြီးတဲ့နောက် မြို့ဆီပို့ဆောင်ခံလိုက်ရတာ ဖြစ်တယ်လို့ သိရပါတယ်။
စစ်မှုထမ်းမဲပေါက်လို့ စစ်သင်တန်း ၃ လပေးပြီး ပါလာတဲ့ တပ်သား အယောက် ၅၀ လောက်ရှိပြီး စစ်ကောင်စီတပ်သား ၃၀ နဲ့ ပုလဲလဝကရုံးမှာ အင်အား ၈၀ လောက် ရှိတယ်လို့ ဖမ်းဆီးထိန်းသိမ်းထားတဲ့ တပ်သားက ပြောကြားခဲ့တယ်လို့ CDF တာဝန်ခံက ပြောပါတယ်။
ပုလဲမြို့ကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၁ ရက်ကနေ ၁၄ ရက်အထိ BNRA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေက မြို့သိမ်းတိုက်ပွဲ ဆင်နွှဲပြီးတဲ့နောက် လက်နက်ခဲယမ်းတွေနဲ့ စစ်သုံ့ပန်းတွေ ရရှိခဲ့တာ ဖြစ်ပါတယ်။
အဲဒီနောက် စစ်ကောင်စီက လေကြောင်းရော မြေပြင်ကနေပါ အဆက်မပြတ် ခုခံရင်း တော်လှန်ရေးတပ်ဖွဲ့တွေ တပ်ပြန်ဆုတ်သွားပြီးနောက် မြို့ကို ပြန်လည်ထိန်းချုပ်ထားပါတယ်။