DVB Logo
Home
မြန်မာသတင်း
ကရင်ပြည်နယ်၌ ကရင်ငြိမ်းချမ်းရေးကောင်စီတပ်နှင့် BGF တို့က လောင်းကစားဝိုင်းများ လုပ်နေ
DVB
·
December 3, 2024
ကရင်ပြည်နယ်၌ ကရင်ငြိမ်းချမ်းရေးကောင်စီတပ်နှင့် BGF တို့က လောင်းကစားဝိုင်းများ လုပ်နေ
Donate to DVB

ကရင်ပြည်နယ် နေရာအနှံ့က လောင်းကစားဝိုင်းတွေကို နယ်မြေခံ ကရင်ငြိမ်းချမ်းရေးကောင်စီ KNU/KLNA(PC) လက်နက်ကိုင်အဖွဲ့နဲ့ ကရင်နယ်ခြားစောင့်တပ် (BGF) တို့က တာဝန်ယူ လုပ်ဆောင်နေတယ်လို့ ကရင်အရပ်ဖက်အဖွဲ့အစည်းတွေက ပြောပါတယ်။

ကရင်ပြည်နယ်အတွင်းမှာ ပွင့်လင်းရာသီကစတင်ပြီး ဘားအံ၊ လှိုင်းဘွဲ၊ ကော့ကရိတ်၊ မြဝတီမြို့နယ်တွင်းက ကျေးရွာတွေနဲ့ နေရာအနှံ့မှာ လောင်းကစားဝိုင်းတွေကို အကြောင်းအမျိုးမျိုးပြပြီး  ပြုလုပ်နေတာပါ။

ကရင်အရပ်ဖက်အဖွဲ့အစည်း အဖွဲ့ဝင်တယောက်က “လောင်းကစားဝိုင်း အများကြီးပဲ။ လောင်းကစားဝိုင်းတွေ ပေါများလာတယ်။ ဒီလောင်းကစားဝိုင်းတွေကို အဓိက တာဝန်ယူ လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတွေကတော့ PC နဲ့ BGF အဖွဲ့အစည်းတွေဖြစ်တယ်။  တချို့ကျေးရွာတွေဆို အုပ်ချုပ်ရေးမှူးနဲ့ ညှိနှိုင်းပြီးတော့မှ လုပ်ဆောင်ကြတယ်။ တချို့ရွာတွေဆိုရင်လည်း ဘုန်းကြီးကျောင်း ဂေါပကအဖွဲ့ဝင်တွေနဲ့ ပူးပေါင်းလုပ်ဆောင်ပြီးတော့ အကောင်အထည်ဖော်ကြတာလည်း ရှိတယ်။ တရွာနဲ့တရွာ ပုံစံ သိပ်မတူတာတော့ရှိတယ်။ လောင်းကစားဝိုင်းတွေ ပေါများလာတဲ့အခါကျတော့ ရဲကလည်း ပူးပေါင်းပါဝင်တယ်။ အကောက်အစားတွေ လုပ်ကြတယ်။ အဲဒီ အကောက်အစားကို သူတို့က နောက်ကွယ်ကနေပြီးတော့ မျှဝေသုံးစွဲကြတယ်” လို့ ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်ပြည်နယ်အတွင်း ရိုးရာအခမ်းအနားတွေ၊ ပွဲလမ်းသဘင်တွေ၊ လမ်းတံတားဖွင့်ပွဲတွေနဲ့ ကျေးရွာရန်ပုံငွေပွဲတွေကို ငွေကြေးရယူပြီး စီးပွားရေးတခုလို လုပ်ကိုင်နေတာပါ။

ဒါ့အပြင် လောင်းကစားဝိုင်းတွေ သာသနာပိုင်နယ်မြေထဲမှာတောင် လုပ်ဆောင်လာတာကြောင့်  သာသနာတော် ညှိုးနွမ်းတာနဲ့ အတူတူပဲလို့ ကရင်အရပ်ဖက်အဖွဲ့အစည်း အဖွဲ့ဝင်တယောက်က ပြောပါတယ်။

“စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ လောင်းကစားဝိုင်းတွေကို ပိုပြီး တွင်တွင်ကျယ်ကျယ် လုပ်ဆောင်လာတယ်။ အဲဒီအပေါ်မှာမှ ဘုန်းကြီးကျောင်းတွေတောင်မှ လုပ်လာပြီ အခု။ တဖက်က ပြန်စဉ်းစားရင်တော့ သာသနာပိုင် နယ်မြေထဲမှာတောင် လောင်းကစားဝိုင်းတွေ လုပ်တယ်ဆိုရင်တော့ သာသနာတော် ညှိုးနွမ်းတာနဲ့ အတူတူပဲလို့ ပြောချင်တယ်။ ဒါက ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပိုဆိုးလာတဲ့ အခြေအနေကို ပြောချင်တာ။”

အာဝါဒေးလောင်းကစားတွေရဲ့ နောက်ကွယ်မှာ မူးယစ်ဆေးဝါးတွေ တရားဝင်ပုံစံ ရောင်းချနေပြီး သုံးစွဲသူတွေ ပိုမိုများပြားလာတဲ့အပြင် အိမ်တွင်းရေးပြဿနာနဲ့ သောကတွေကို နောက်ဆက်တွဲခံစားရတယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ မိခင်တယောက်က ပြောပါတယ်။

“ပြောရရင် ဒီလောင်းကစားဝိုင်းတွေကို အမတို့အနေနဲ့ ဘယ်လိုဖြစ်ချင်လဲဆိုရင် အကုန်လုံးကို မြေလှန်ပြီး ကလော်ထုတ်ချင်တယ်။ ဒီလောင်းကစားဝိုင်းတွေရဲ့ ဆိုးကျိုးက အများကြီးရှိတယ်။ အိမ်ထောင်သည် အမျိုးသားတွေဆိုရင် သူတို့အမျိုးသမီးတွေ စိတ်ညစ်ရတယ်။ မိခင်တွေ တော်တော်များများ သောကရောက်ရတယ်။ အိမ်မှာဆို ဖအေနဲ့သားနဲ့ ပြဿနာကတက်ပြီ။ တက်ရင် မအေတွေက သားသမီးမကောင်းပေမဲ့လည်း သားသမီးအတွက်လည်း သောကရောက်ရတယ်။ ဒါကြီးကို ပြတ်ဖို့အတွက် ဘယ်လိုလုပ်ရမလဲ ဆိုပြီး သောကဖြစ်ရတယ်။ အိမ်ထောင်ရေးတွေ  ရှုပ်ထွေးလာတယ်၊ လင်မယားတွေလည်း ကတောက်ကစဖြစ်တယ်။ သားအဖတွေလည်း ပြဿနာတက်တယ်။ အဲဒီသောကတွေ တအားခံစားရတယ်။”

ကရင်နယ်ခြားစောင့်တပ်၊ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ် စောချစ်သူက “အာဝါဒေး လောင်းကစားဝိုင်းတွေကို ခွင့်ပြုထားတာမရှိဘဲ တချို့ ကျနော်တို့မသိတာ လုပ်မိတာ ရှိကောင်းရှိနိုင်ပြီး ကျနော်တို့သိရင် ချက်ချင်းအရေးယူတဲ့အပြင် လက်ရှိမှာလည်း အရေးယူ ဆောင်ရွက်မှုတွေ ကျနော်တို့ လုပ်ဆောင်နေတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် KNU ခွဲထွက်အဖွဲ့တဖွဲ့ဖြစ်တဲ့  KNU/KLNA(PC) ငြိမ်းချမ်းရေးကောင်စီ တာဝန်ရှိသူကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် မတ် ၁၀ ရက်က KNU တပ်မဟာ ၇ နယ်မြေ ကော့ကရိတ်မြို့နယ် သယုကျိုးကျေးရွာမှာ ဒုတိယအကြိမ် ကရင်လက်နက်ကိုင်တပ်ဖွဲ့ စည်းလုံးညီညွတ်ရေး ကော်မတီနဲ့ လူထုတွေ့ဆုံပွဲ ပြုလုပ်ခဲ့ပါတယ်။

အဲဒီတွေ့ဆုံပွဲအတွင်း လောင်းကစား၊ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲတာတွေကို ဥပဒေအရ ထိရောက်စွာ အရေးယူသွားမယ်လို့ ကရင်လက်နက်ကိုင် စည်းလုံးညီညွတ်ရေး လုပ်ငန်းကော်မတီက ပြောဆိုခဲ့ပါတယ်။

အောင်ခန့်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013