DVB Logo
Home
မြန်မာသတင်း
ရခိုင်တွင် ယခုနှစ် မိုးစပါးအထွက်နှုန်း ကျဆင်း
DVB
·
December 3, 2024
ရခိုင်တွင် ယခုနှစ် မိုးစပါးအထွက်နှုန်း ကျဆင်း
Donate to DVB

ရခိုင်ပြည်နယ်မှာ အခုနှစ် စပါးအထွက်နှုန်း ကျဆင်းကြောင်း ရခိုင်က လယ်ယာလုပ်ကိုင်သူတွေက ပြောပါတယ်။

၂၀၂၄ ခုနစ် မိုးတွင်းစိုက်ပျိုးတဲ့စပါးတွေဟာ မြေသြဇာအသုံးပြုမှု နည်းခဲ့တာကြောင့် စပါးပေါ်ချိန် စပါးအထွက်နှုန်း ကျဆင်းတာဖြစ်တယ်လို့ ကျောက်တော်က လယ်သမားတ‌ယောက်က ပြောပါတယ်။

“ဒီနှစ်အထွက်နှုန်းက အရင်နှစ်တွေကနဲ့စာရင် တော်တော်ကျပါတယ်။ အထွက်နှုန်း ကျတာကိုလည်း ပြောလို့မရဘူးလေ၊ မြေသြဇာမှ မသုံးနိုင်ခဲ့တာ။ စပါးမှာ အဓိကျတဲ့ မြေသြဇာ မကျွေးနိုင်ခဲ့တော့ အရင်နှစ်တွေကလို စပါးမရနိုင်ဘူးပေါ့။”

ရခိုင်မှာ အခု ၂၀၂၄ ခုနှစ် မိုးစပါးစိုက်ပျိုးချိန်အတွင်း မြေသြဇာ ၅၀ ကီလိုဂရမ် တအိတ်ကို ကျပ် ၆ သိန်းကနေ ၈ သိန်းထိ စျေးရှိခဲ့တာကြောင့် လယ်ယာလုပ်ကိုင်သူတွေဟာ မြေသြဇာကို လိုအပ်သလောက် အသုံးပြုနိုင်မှု မရှိခဲ့တာဖြစ်ပါတယ်။

ဒီအကျိုးဆက်တွေကြောင့် လက်ရှိ စပါးပေါ်ချိန်မှာ စပါးအထွက်နှုန်းဟာ ပြီးခဲ့တဲ့နှစ်တွေကထက် သိသိသာသာ ကျဆင်းတာ တွေ့ရတယ်လို့ လယ်သမားတွေက ဆိုပါတယ်။

“ဒီနှစ် လယ်စိုက်တဲ့ ကုန်ကျစရိတ်ကိုတောင် ပြန်ရနိုင်မှာမဟုတ်ဘူး။ လယ်ထဲမှာ တစုတခဲ ကျပ်သိန်း ၁၀၀ လောက် သုံးထားတာ။ အခု ဘာမှတောင် ပြန်မရသေးဘူး။ ဒီကြားထဲ စပါးထွက်နှုန်းက မကောင်း၊ ထွက်လာတဲ့စပါးကလည်း ဝယ်မယ့်သူတောင် မရှိသေးဘူး ဖြစ်နေတယ်။”

ရခိုင်က လယ်ယာလုပ်ကိုင်သူတွေဟာ ၂၀၂၄ ခုနှစ် မိုးတွင်းစိုက်ပျိုးခဲ့တဲ့ စပါးတွေကို ပြီးခဲ့တဲ့ နိုဝင်ဘာလကစပြီး စတင်ရိတ်သိမ်းနေကြပြီဖြစ်ပြီး စပါးထွက်နှုန်းကတော့ အရင်နှစ်တွေနဲ့ ယှဉ်ရင် တဝက်နှုန်းခန့် ကျဆင်းတယ်လို့ လယ်သမားတွေက ဆိုပါတယ်။

ရခိုင်မှာ အခုနှစ် မိုးစပါးစိုက်ပျိုးချိန်အတွင်း အာရက္ခတပ်တော်နဲ့ စစ်ကောင်စီတပ်တို့ ဒေသတွင်း တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေခဲ့ပြီး ကုန်စည်လမ်းကြောင်းတွေကိုလည်း စစ်ကောင်စီက ပိတ်ဆို့ခဲ့တာကြောင့် တခြားကုန်ပစ္စည်းတွေ အပါအဝင် လယ်ယာသုံးပစ္စည်းတွေလည်း စျေးအဆမတန် မြင့်မားခဲ့ရာကနေ လယ်သမားတွေ အကျပ်အတည်း ကြုံခဲ့ကြရတာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013